တရားမဝင် အန်ဂျီအိုအဖွဲ့တွေ ပိတ်ပင်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု
2014.03.13

ရခိုင်ပြည်နယ်မှာ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ကူညီနေတဲ့ NGOs/INGOs တွေကို ရခိုင်ပြည်နယ်အစိုးရက တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းအားလုံး မှတ်ပုံတင်ပြီးလုပ်ကိုင်ကြဖို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထိန်လင်းက ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
"နိုင်ငံတော်က မည်သည့်အဖွဲ့အစည်းမဆို တရားဝင် မှတ်ပုံတင်ခွင့်ပြုထားတယ်၊ အဖွဲ့အစည်းအဖြစ်နဲ့ လှုပ်ရှားမယ်ဆိုရင် မှတ်ပုံတင်၊ မှတ်ပုံမတင်ပဲနဲ့လုပ်ရင် တရားမဝင်ဘူး၊ အစိုးရရဲ့ခွင့်ပြုချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆောင်ရွက်မှာပဲဆိုရင် ဥပဒေလေးစားလိုက်နာမှု မဟုတ်ဖြစ်သွားပါမယ်၊ အဖွဲ့အစည်းအားလုံးဟာလည်း ဥပဒေကို လေးစားလိုက်နာရပါမယ်"
အဲ့ဒီအဆိုကို မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြီးခဲ့တဲ့ မတ်လ ၇ရက်နေ့က တင်သွင်းခဲ့တာပါ။ ဒီနေ့အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက အဲ့ဒီအဆိုနဲ့ပတ်သက်လို့ ထောက်ခံဆွေးနွေးခဲ့ကြပြီးတဲ့နောက် အဆိုကိုအတည်ပြုလိုက်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဝင်ရောက်အကူအညီပေးနေတဲ့ အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး အဲဒီအထဲက နိုင်ငံတကာအဆင့် INGO အရေအတွက် ၁၅ ဖွဲ့နဲ့ NGO အရေအတွက် ၄ ဖွဲ့သာ တရားဝင်အကူအညီပေးခွင့် မှတ်ပုံတင်ရရှိထားကြပါတယ်။ ကျန်တဲ့ ၄၉ ဖွဲ့လောက်ဟာ တရားဝင်မှတ်ပုံတင် မရှိသေးဘူးလို့ သိရပါတယ်။