နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်း ချသူတွေကို ဖမ်းဆီးမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆို


2016.10.16
illegal-video-protest-620.jpg နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်းချနေသူတွေကို ဖမ်းဆီးတာတွေ ရပ်တန့်ပေးဖို့ အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုနေကြစဉ်
Photo: Htet Arker/ RFA

နိုင်ငံခြားဗီဒီယိုကား ကူးခွေရောင်းချနေသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနေတာတွေ ရပ်တန့်ပေးဖို့ လှိုင်၊ လှိုင်သာယာ၊ ကမာရွတ်၊ တောင်ဒဂုံမြို့နယ်တွေ က ကူးခွေ ရောင်းချသူ ၃၀ ကျော်က ဒီနေ့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရအနေနဲ့ မူပိုင်ခွင့်တင်ထားတဲ့ခွေတွေကို ကူးယူရောင်းချနေတာတွေကိုသာ ဖမ်းဆီးပြီး နိုင်ငံခြားကားတွေ ကို ရောင်းချခွင့် ပေးစေလိုတယ် လို့ တောင်ဒဂုံမြို့နယ်မှာ ကူးခွေရောင်းချနေတဲ့ ဦးထွန်းလင်းအောင် က ပြောပါတယ်။

"ဒါဟာ ပထမအစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေ၊ အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ အဲဒါလေး ကို ဖြေလျော့ပေးဖို့ ကျနော်တို့ကို လမ်းဘေးမှာ လွတ်လွတ်လပ်လပ် ရောင်းချပိုင်ခွင့် အဲ့ဒါလေးတစ်ခုပဲ ကျနော်တို့တောင်းဆိုတယ်။ ဟုတ်ပြီ ဒီမူပိုင်ခွင့်တင်ထားတဲ့ ခွေတွေကို ကျနော်တို့ ကူးယူခြင်း၊ ဌားရမ်းခြင်း၊ သူ့မူပိုင်ခွင့်ရှိတဲ့ဟာတွေကို အလွဲသုံးစားလုပ်တယ်ဆိုရင် ထိထိမိမိအရေးယူပေး။ ကျန်တဲ့ ကိုရီးယားကား၊ အင်္ဂလိပ်ကားနဲ့  ကာတွန်းကားလေးကိုတော့ နည်းနည်းလေး သက်ညှာပြီးတော့ စဉ်းစားပေးစေချင်တာ ပါပဲ။"

ဆန္ဒပြသူတွေဟာ မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုဥပဒေကို ပြင်ဆင်ပေးဖို့ ၊ နိုင်ငံခြားကားတွေကို ဈေးနှုန်းသက်သက်သာ သာနဲ့ ကြည့်ရှူခွင့်ပေးဖို့၊ ခိုးကူးခွေတွေကို ဖမ်းဆီးရာမှာ မြန်မာဗီဒီယို ကူးခွေတွေကိုသာ ဖမ်းဆီးဖို့နဲ့ စားဝတ်နေရေးအခက်အခဲရှိနေတဲ့ နိုင်ငံခြားကားကူးခွေ ရောင်းချသူတွေရဲ့ ဘဝကို စာနာဖို့ တောင်းဆိုခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက စပြီး နိုင်ငံခြားကူးခွေရောင်းချသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေ တာကြောင့် အရင်က ခွေနှစ်ခွေကို ကျပ် ၅၀၀ နဲ့ ရောင်းချနေပေမယ့် လက်ရှိမှာတော့ တစ်ခွေကို ကျပ် ၅၀၀ အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ပြောကြပါတယ်။

ကူးခွေရောင်းချသူတွေဟာ ပျမ်းမျှအားဖြင့် ငွေကြေးအရင်းအနှီး ၈ သောင်းကနေ တစ်သိန်းလောက် အထိရင်းရပြီး တနေ့ကို ဝင်ငွေကျပ် ရှစ်ထောင် ဝန်းကျင်ရရှိကြတယ်လို့ပြောပါတယ်။

အဖမ်းခံရတဲ့အခါ ၁၉၉၆ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၃ လကနေ ၆ လအထိ ကျခံရနိုင်တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။