မလေးရှားမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ် ဖမ်းဆီးခံရ

RFA Burmese
2025.01.22
မလေးရှားမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ် ဖမ်းဆီးခံရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှ လူစည်ကားသည့် ဘူကစ်ဘင်တန်း လမ်းမပေါ်ဆိုင်များမှ ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာနိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Ja Seng Pan Marip Photo

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ (Kuala Lumpur) က လူစည်ကားတဲ့ ဘူကစ်ဘင်တန်း (Bukit Bintang) လမ်းမပေါ်ကဆိုင်တွေမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားအယောက် ခြောက်ဆယ် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေကို ကူညီနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဖမ်းဆီးခံရသူထဲမှာ မြန်မာနိုင်ငံသား အယောက်ခြောက်ဆယ် အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီးပေါနိုင်ငံသား ၁၆ ဦး၊ ပါကစ်စတန်နိုင်ငံသား သုံးဦးနဲ့ ဆူဒန်နိုင်ငံသား တစ်ဦးတို့လည်း ပါဝင်တယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကဖမ်းတာက လမ်းတွေ၊ ဆိုင်တွေမှာဝင် ဖမ်းသွားတာ။ လူတွေနေတဲ့ အိမ်တွေမှာတက်ပြီး ဖမ်းတာတော့ မရှိဘူး။ အများဆုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အဖမ်းခံရတယ်။ မြန်မာနိုင်ငံသား အယောက်ခြောက်ဆယ် ပါသွားတယ်”

ဘူကစ်ဘင်တန်း နေရာဟာ ကွာလာလမ်ပူမြို့ရဲ့ နိုင်ငံခြားခရီးသွားတွေ အလည်များသလို အစည်းကားဆုံး နေရာတစ်ခုလည်းဖြစ်ပြီး နာမည်ကြီး စျေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေနဲ့ သွားလာတဲ့သူတွေလည်းများတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံက မြို့တွေနဲ့ နေရာတော်တော်များများမှာ ဖမ်းဆီးမှုတွေဆက်တိုက်ရှိနေပြီး အခုလအတွင်း မြန်မာနိုင်ငံသား ၂၀၀ နဲ့အထက် ဖမ်းဆီးခံထားရတယ်လို့ မလေးရှားရောက် မြန်မာတွေကို ကူညီနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဏာသိမ်းပြီးနောက် အခက်အခဲအမျိုးမျိုးကြောင့် လူငယ်တွေ မလေးရှားကို ရောက်လာပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတဲ့အတွက် အခက်အခဲမျိုးစုံကြုံနေရတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား တစ်သိန်းရှစ်သောင်းနီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။