မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုအခြေအနေ ILO မှာ ဆွေးနွေး
2011.06.05

ILO ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ကိစ္စ အပါအဝင်၊ ကလေးစစ်သား အဓမ္မ စုဆောင်းမှုနဲ့ မြေယာ သိမ်းဆည်းခံရတဲ့ ကိစ္စတွေကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကတော့ အခြေအနေတွေ တိုးတက်အောင် ILO နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
ဂျီနီဗာက ILO ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကတော့ ညီလာခံအတွင်း မြန်မာ့အရေး ဆွေးနွေးမှု အခြေအနေကို အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ကတော့ အဓမ္မ လုပ်အားပေးမှုတွေ လုံးဝ မပျောက်သေးတာ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုတွေ မရသေးတာကို အားမရသေးဘူး။ ဒါပေမယ့် ILO နဲ့ ပတ်သက်ပြီး ဗမာပြည်မှာ အဓမ္မ လုပ်အားပေးမှု ပပျောက်ဖို့၊ ကလေးစစ်သား လုပ်ဆောင်တဲ့ကိစ္စ ပပျောက်ဖို့၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု ဆိုတဲ့ကိစ္စတွေ ရရှိဖို့အတွက် ကျနော်တို့လုပ်နေတဲ့ ယန္တယားကြီးကတော့ လည်ပတ်နေတဲ့အတွက် အားရတယ်။ ဆက်လက်ပြီးတော့ ပိုပြီး မြန်မြန် လည်ပတ်ဖို့အတွက် အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစားသွားမှာပါ”
ပုံမှန်အားဖြင့် ILO ညီလာခံမှာ အစိုးရကိုယ်စားလှယ်၊ လုပ်ငန်းရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ် ဆိုပြီး အစု (၃) စု တက်ရောက်ကာ နိုင်ငံ တခုချင်းစီရဲ့ အလုပ်သမားရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီညီလာခံကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပေမယ့် အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည် တက်ရောက်လာတာ မရှိသေးသလို၊ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမား ကိုယ်စားလှယ်အဖွဲ့လည်း မတက်ရောက်ဘူးလို့ သိရပါတယ်။ လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒေါ်ခိုင်ခိုင်နွယ်က ဦးဆောင် တက်ရောက်တယ်လို့ သိရပါတယ်။