လူကုန်ကူးမှု တားဆီးရေးအဖွဲ့က ခရီးသည်များကို အကြပ်ကိုင်ငွေတောင်း

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ခရီးသည်တွေရဲ့မှတ်ပုံတင်တွေကို စိစစ် တားဆီး ထိမ်းသိမ်းရာမှာ ဥပဒေ စည်းကမ်းနဲ့မညီညွတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်လို့ သိရပါတယ်။

2011.09.13
thai_border_boat_305 မြန်မာနိုင်ငံ ကော့သောင်မြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကူးသန်းသွားလာနေသော ခရီးသည်တင် စက်တပ်လှေတစင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်စာတစောင် ကော့သောင်းမြို့အမျိုးသား ဒီမိုကရေစီ လူငယ်လုပ်ငန်း အဖွဲ့က သက်ဆိုင်ရာ ဌာနနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေကို ပေးပို့ လိုက်ပါတယ်။

လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းစဉ်မှာ မှတ်ပုံတင်သိမ်း၊ လူကို ဖမ်းဆီးတာသာမက ရယက ရုံးမှာ ရာဇဝတ်သားတွေလို ချုပ်နှောင်ထားတာဟာ နိုင်ငံသားများရဲ့မူလအခွင့်အရေး ချိုးဖေါက်ရာ ရောက်ကြောင်း၊ စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးရဲ့ချုပ်မိန့်မရဘဲ မည်သူ့ကိုမှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခွင့် မရှိရ ဆိုတဲ့ ပြဌာန်းချက်ကို ဆန့်ကျင်နေကြောင်း ဖေါ်ပြထားပါတယ်။

လူကုန်ကူးမှု တားဆီးရေး အဖွဲ့တွေက ကော့သောင်းမြို့အဝင် ကားဂိတ် လေယာဉ်ကွင်းနဲ့ အမြန်ယာဉ်ဂိတ်တွေမှာ ခရီးသည်တွေကို စစ်ဆေးပြီး ၆/ကသန မဟုတ်တဲ့ မှတ်ပုံတင် ကိုင်ဆောင်သူတွေဟာ မြို့ခံအိမ်ရှင်ရဲ့လိပ်စာ မပေးနိုင်ရင် ပြန်ခိုင်းရာမှာ မှတ်ပုံတင်ကို ငွေ ၅ သောင်းပေးပြီး ရွေးယူရကြောင်း၊ မပေးနိုင်သူတွေကို သက်ဆိုင်ရာ ရယက ရုံးတွေမှာ ထိမ်းသိမ်းထားကြောင်း NLD လူငယ်လုပ်ငန်း အဖွဲ့က ကိုမြင့်မောင်က ပြောပြပါတယ်။

တချို့က မှတ်ပုံတင်ကို နှစ်ရှည်လများ သိမ်းထားပြီး လူကိုလည်း လနဲ့ချီပြီး ရယကရုံးမှာ ထိမ်းသိမ်းထားကြောင်း၊ ဖမ်းထားတယ်လို့ မခေါ်ဆိုပေမဲ့ ထိုသူတွေဟာ အပြင်ထွက်ခွင့် မရှိဘဲ၊ အစားအသောက် မစီစဉ်ပေးတဲ့အတွက် မိမိဖာသာ ဝယ်စားတာ၊ အပြင်က လူတွေ လာကျွေးမှ စားရတာတွေ ရှိကြောင်း သူက ပြောပြပါတယ်။

ထိမ်းသိမ်းခံ ခရီးသည်တွေမှာ အပြန်စားရိတ် မတတ်နိုင်သူတွေကို အခမဲ့ နေရပ်ပြန်ပို့နိုင်ရေး စီစဉ်ပေးပေမဲ့ အမြန်ရေယာဉ် ခရီးစဉ် မလာမချင်း ရ.ယ.က ရုံးမှာ ထိမ်းသိမ်းထားတယ်လို့သိရပါတယ်။

ကော့သောင်းမြို့က လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှာ မြို့နယ် အုပ်ချုပ်ရေး၊ မြို့နယ်ရဲ၊ ရဲ အထူးသတင်းတပ်ဖွဲ့၊ စ.အ.ဖ၊ လ.ဝ.က စတဲ့ ဌာနဆိုင်ရာ အဖွဲ့တွေ ပူးပေါင်း ပါဝင်ပြီး တဘက်နိုင်ငံကို တရားမဝင် သွားရောက်မှာကို တားဆီးနေတာ ဖြစ်ပါတယ်။ အခုလို စစ်ဆေး တားဆီးရာမှာ ထိမ်းသိမ်းခံရတဲ့ ခရီးသွား ဦးရေဟာ နေ့စဉ် ၅၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-14 02:49

ဒီသတင်းကိုဖော်ပြသင့်နေတာကြာပြီ။လုပ်နေတာကြာပြီ။ခံရတယ့်လူများနေ
ပြီး။နောက်လည်းကော့သောင်းသတင်းများဖော်ပြပေးပါဦး။