ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရတဲ့ လူငယ်တွေကို နောက်ငါးနှစ်စီထပ်တိုး
2023.01.06

ထောင်တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ရန်ကုန်မြို့က လူငယ် ၄ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁ (ဂ) နဲ့ စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင်တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၅ နှစ်စီထပ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
ကိုဟိန်းရူပအောင်၊ ကိုပိုင်စိုးမိုး၊ ကိုညီညီထွန်းနဲ့ ကိုဇော်ဇော်မိုးတို့ဖြစ်ပါတယ်။ အဲဒီလူငယ်တွေကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က စမ်းချောင်းမြို့နယ်မှာဖမ်းဆီးသွားတာပါ။ အဲဒီနောက် သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ၊ ဖောက်ခွဲဖျက်ဆီးရေး ဥပဒေပုဒ်မတွေနဲ့ စစ်တရားရုံး၊ အင်းစိန်အကျဉ်းထောင်ဝင်းထဲက တရားရုံးတွေကနေ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သူတို့ လေးယောက်ထဲက အသက်အငယ်ဆုံး ကိုဟိန်းရူပအောင်ကို ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ထားပါတယ်။ အခုထပ်ပြီး လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ထောင်ဒဏ် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်ပါတယ်။
ကိုပိုင်စိုးမိုးကိုတော့ နိုင်ငံတော်ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) အတွက် ၃ နှစ်၊ လက်နက် များအက်ဥပဒေပုဒ်မ ၁၉ (စ) အတွက် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၀၂ (၂) လူသတ်မှု အတွက် ၁၀ နှစ်၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မအတွက် ၅ နှစ်၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁ (ဂ) အတွက် ၅ နှစ်ချလိုက်လို့ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ဖြစ်သွားပါတယ်။
ကိုညီညီထွန်းကတော့ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ)အတွက် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၀၂ (၂) လူသတ်မှုအတွက် ၁၀ နှစ်၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မအတွက် ၅ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) အတွက် ၅ နှစ်နဲ့ ထောင်ဒဏ် အားလုံးပေါင်း ၂၃ နှစ် ဖြစ်သွားပါတယ်။
ကိုဇော်ဇော်မိုးက လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အတွက် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၀၂ (၂) လူသတ်မှုအတွက် ၁၀ နှစ်၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) အတွက် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁ (ဂ) အတွက် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ဖြစ်သွားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်က အခုအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၀၀၀ ကျော်ရှိပြီး ၁၉၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။