ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့် တိုးမြှင့်ပေးဖို့ ဆွေးနွေး


2014.11.13
military-members-upper-house-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်ဘက် ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။
AFP PHOTO/POOL/Soe Zeya Tun

လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့အထိ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဒီကနေ့ နေပြည်တော်မှာကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အခုလိုရှင်းပြပါတယ်။

"ပုဒ်မ ၂ဝ၁ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းပုဒ်မ အရင်တုန်းက အဲဒီ့ပုဒ်မက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦး ဖွဲ့စည်းရေးပုဒ်မပဲပါပါတယ်၊ ၂ဝ၁(က)၊ (ခ) ဆိုပြီးတော့ ၂ ပိုင်း ခွဲလိုက်ပါတယ်၊ ၂ ပိုင်းခွဲပြီးတော့ (ခ) မှာ ကာလုံရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုပြီးတော့ ထပ်ထည့်တာပါ၊ အဲဒီ့ထပ်ထည့်တဲ့အထဲမှာ အချက် ၅ ချက်လောက်ပါပါတယ်၊ အဲဒီ့ဟာတွေကတော့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာတို့၊ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးတာတို့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေတွေ ဖြစ် လာခဲ့ရင်တော့ အဲဒီ့ရဲ့နောက်ဆုံးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၁ ပုံ နှုတ်ထွက်သွားရင်ပေါ့နော်၊ လွှတ်တော်ကို ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အခြေအနေအထိပါလာတာပါ၊ ဒီဟာကိုကြည့်မယ်ဆိုရင် တပ်မတော် သား ကိုယ်စားလှယ် ၄ ပုံ ၁ ပုံနဲ့ ကျနော်တို့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄၄ဝ ရှိတယ်၊ တပ်မတော်သား ကိုယ်စားလှယ် ၄ ပုံ ၁ ပုံဖြစ်တဲ့ ၁၁ဝ နဲ့ ဒီအရပ်သားလွှတ်တော် ကိုယ်စားလှယ် ၄ဝ လောက် နှုတ်ထွက်သွားပြီဆိုရင် ဒီလွှတ်တော်ဟာ ပျက်သွားနိုင်ပါတယ်၊ လွှတ်တော်ကို ထိန်းချုပ်ဖို့အတွက် ကာလုံကထပ်မံကြိုးစားလာတဲ့ ပုဒ်မတစ်ခုပါ"

ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ NLD ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးတို့ကို အဓိကဆွေးနွေးသွားခဲ့ပါတယ်။

မနက်ဖြန်မှာတော့ PR အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ကျင့်သုံးရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်က အပြီးသတ်ဆုံးဖြတ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။