နမ္မတူမြို့နယ်မှာ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာ


2018.08.15
nanmatu-refugees-622 နမ္မတူမြို့နယ်က စစ်ပွဲတွေကြောင့် လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၈၊ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာနဲ့မန်စံကျေးရွာ အနီးတစ်ဝိုက်မှာ တပ်မတော် ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့ကြား စစ်ရေးတင်းမာ နေပြီး ကျေးရွာအနီးတဝိုက် ပစ်ခတ်သံတွေပါ ကြားလာနေရတဲ့အတွက်  ရွာသူရွာသားတွေဟာ နီးစပ်ရာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

ထွက်ပြေးလာသူတွေကို သွားရောက်ခေါ်ဆောင်ကူညီပေးတဲ့ အထဲမှာ ပါတဲ့ သီပေါမြို့နယ် စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးက အခြေအနေကို ပြောပါတယ်။

"အခြေအနကတော့ ဟိုဘက်ဒီဘက် ပုံစံမျိုးဖြစ်နေတယ်တဲ့ အဲလိုကြားတယ်၊ ကြားတော့ အဲနားကရွာတွေက မနေ့ညက မပြေးသေးတဲ့လူတွေက ထပ်ထွက်လာတယ်၊ မနေ့ညကတော့ ပန်လုံမြောက်ပိုင်းပေါ့၊ ခုက ပန်လုံတောင်ပိုင်းဘက်က ထွက်လာကြပြီ၊ သီပေါမြို့ထဲပဲ ခေါ်သွားလိုက်မယ်၊ ခန့်မှန်းဆိုရင် ၅၀၀၊ ၆၀၀ လောက်ရှိမယ်"

သြဂုတ်လ ၁၄ ရက်နေ့မနေ့က ညနေပိုင်းမှာ မန်စံကျေးရွာနဲ့ပန်လုံရွာ လမ်းတစ်လျှောက် စစ်ကြောင်းတွေ လှုပ်ရှားမှုရှိခဲ့ပြီး ညပိုင်းမှာ ပန်လုံကျေးရွာအနီးတဝိုက် ပစ်ခတ်သံတွေပါကြားလာတဲ့အတွက် ဒေသခံတွေ ကြားမှာ စိုးရိမ်မှုတွေရှိလာခဲ့ပြီး တိုက်ပွဲနဲ့လွတ်နိုင်မယ့် ရွာတွေကို တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒီနေ့မနက်မှာလည်း ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာသူတွေဟာ သီပေါမြို့နဲ့နမ္မတူ-ပန်လုံလမ်းပေါ်က မန်လီကျောင်းမှာ ငါးရာကျော်၊ ပန်သပြေ ကျောင်းမှာ တစ်ရာကျော် ရှိနေပြီး သီပေါမြို့ ဘိုးတော်ကျောင်းမှာ လူဦးရေ ၁၅၀လောက် ရောက်ရှိနေတယ်လို့ ကိုမျိုးက ပြောပါတယ်။

တချို့ကလည်း မန်စံကျေးရွာ မန်ဟောင် ဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေရသူတွေလည်း ရှိနေပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့နောက်ပိုင်းကစလို့ နမ္မတူမြို့နယ် ပန်လုံကျေးရွာ တဝိုက် TNLA နဲ့RCSS တပ်တွေ စစ်ရေး တင်းမာမှုတွေ ပိုများလာတာဖြစ်ပြီး ရွာအနီး ပစ်ခတ်မှုတွေကြောင့် မန်စံကျေးရွာမှာ ထွက်ပြေးနေရသူ တစ်ထောင်ကျော် ရှိနေပြီး သူတို့ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။