တိုက်ပွဲတွေကြောင့် ရှမ်းမြောက်မှာ ဒုက္ခသည်ထပ်တိုးလာ
2019.03.02

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေရွာနဲ့ ကွန်စံလိတ်ရွာအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းပလောင်အဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ သီပေါမြို့ပေါ်ကို ထွက်ပြေးရောက်ရှိနေပါတယ်။
တိုက်ပွဲတွေဟာ မနေ့ကညနေပိုင်းမှာ ဖြစ်ပွားခဲ့တာကြောင့် ကွန်စံလိတ်ရွာမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ မန်လီရွာသားတွေအပါအဝင် မိုးတေနဲ့ ကွန်စံလိတ် ရွာသားတွေဟာ သီပေါမြို့ပေါ် ထွက်ပြေးခဲ့ကြတာလို့ သိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ တအာင်းပလောင်အဖွဲ့ TNLA ပူးပေါင်းတပ်ဖွဲ့ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းကတည်းက သီပေါ-နမ္မတူလမ်းပိုင်း မန်လီရွာအနားမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မန်လီရွာသား သုံးရာဝန်းကျင်ဟာ သီပေါမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RCSS နဲ့ SSPP/TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲစိပ်လာပြီး ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် သီပေါမြို့နယ်အတွင်း နေရာ ၅ခုမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ လူဦးရေ ၁၅၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။