ရွှေ့ပြောင်းလုပ်သားတွေ ပြန်လာတဲ့ လမ်းတစ်လျှောက် စစ်ဆေးမှုတွေ တိုးမြှင့်
2020.05.03
တရုတ်နယ်စပ်ကနေ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသကိုဖြတ်ပြီး မန္တလေးတိုင်းနဲ့ တခြားဒေသတွေကိုသွားမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်လာတဲ့ လမ်းတစ်လျှောက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ အရင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒီလိုစိစစ်တာမှာ အိမ်စီးကားငယ်တွေ ခရီးသည်ကားငယ်တွေနဲ့ ဒေသအတွင်း ခရီးသွားလာသူတွေ မန္တလေးနဲ့ တခြားဒေသတွေကို သွားမယ့်သူတွေပါ လမ်းခရီးမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာတွေ ရှိပါတယ်။
ကုန်တင်ကားကလွဲရင် ခရီးသည်ကားတွေကို ဂိတ်တွေကနေ ညနေ ခြောက်နာရီနဲ့ မနက် ခြောက်နာရီမှသာ ဖြတ်သန်းခွင့်ပြုတာ ဖြစ်ပါတယ်။ ကားငယ်တစ်စီးမှာ ဒရိုင်ဘာနဲ့ လူလေးယောက်သာ ဖြတ်သန်းခွင့်ပေးပြီး လေးယောက်ကျော်ရင်တော့ စာရင်းပေးပြီးဂိတ်မှာ စောင့်ဆိုင်းရပါတယ်။
ဒီလိုလုပ်တာဟာ တရုတ်ကနေ နေရပ်ပြန်တဲ့သူတွေ စိစစ်နိုင်အောင် လုပ်ဆောင်တာလို့ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောပါတယ်။
ညခြောက်နာရီကျော်တဲ့အထိ ဖြတ်သန်းခွင့် မရသူတွေကို လားရှိုးပညာရေးကောလိပ်မှာ ညအိပ်ဖို့ စီစဉ်ပေးပြီး စားသောက်ရေးအတွက် ပရဟတိအဖွဲ့တွေနဲ့ စေတနာရှင်တွေက ဝိုင်းဝန်းကူညီနေကြတာပါ။
ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေက လမ်းခရီးသွားလာမှုမှာ အခက်အခဲ ကြုံနေရတာကြောင့် လမ်းခရီးသွားလာမှုနဲ့ ပတ်သက်ပြီး အစိုးရက တိကျတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးစေချင်တယ်လို့ ခရီးသည်တင်ယာဉ်မောင်း အချို့က ပြောပါတယ်။
မူလက ခရီးသွားမယ့်သူတွေ အားလုံးကို ကားဂိတ်တွေမှာ လိုက်ပါမယ့် ကားနံပါတ်နဲ့ သွားမယ့်မြို့နေရာကိုပေးပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို ပြန်လည်တင်ပြပြီးမှ သွားလာခွင့်ပြုတာကြောင့် စစ်ဆေးရေးဂိတ်တွေမှာ ခရီးသည်တွေ ရက်နဲ့ ချီစောင့်ဆိုင်းခဲ့ရပါတယ်။
ဒီအတွက် မေလ ၁ ရက်နေ့ နောက်ပိုင်းမှာ အိမ်စီးကား လူလေးယောက်ပါရင် ကျန်းမာရေးစစ်ဆေးပြီး သွားလာခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ မူဆယ်နဲ့ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်ဒေသကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီပြီး မကြာခင်ရက်ပိုင်းအတွင်း နေရပ်ပြန်လာဖို့ ရှိနေတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံစီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
ကိုးကန့်နယ်စပ်က ပြန်လာမယ့်သူ နှစ်သောင်းခွဲလောက် ရှိနေတာဖြစ်ပြီး မေလ ၂ ရက်နေ့အထိ ပြန်လာသူ ထောင်ဂဏန်းလောက်ပဲ ရှိအုံးမယ်လို့ ကိုးကန့်ဒေသ ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
မူဆယ်နယ်စပ် နန်းတော်ဂိတ်ပေါက်ကနေလဲ မြန်မာနိုင်ငံသားတွေ နေ့စဉ်ရာနဲ့ချီ ပြန်လာနေတာပါ။ မူလက ပြန်လာသူတွေကိုနယ်စပ်မှာ အစိုးရအစီအစဉ်နဲ့ ကျန်းမာရေး စောင့်ကြည့်တာတွေ လုပ်တာရှိပေမယ့် ရေရှည်မှာ နေရပ်ပြန်သူတွေ များတာကြောင့် နေရာထိုင်ခင်း အခက်တွေရှိလို့ သူတို့ဒေသတွေကိုပဲ တိုက်ရိုက် လွှဲပြောင်ပေးနေတာလို့ မူဆယ်မြို့ ဂရုဏလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။
မေလ ၅ ရက်နေ့မှာလည်း တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသားရာနဲ့ ချီပြီး ပြန်လည်လွှဲပြောင်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
မေလ ၃ ရက်နေ့ ဒီကနေ့မှာ ကိုးကန့်ဒေသ ချင်းရွှေဟော်ကနေ နေရပ်ပြန်မယ့်သူ ငါးရာကျော်ရှိပြီး ဒီကနေ့အထိ လားရှိုးကိုဖြတ်ပြီး မူဆယ်နဲ့ ကိုးကန့်ဒေသကနေ နေပြန်ရပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ နှစ်ထောင် ကျော်ရှိနေပြီ ဖြစ်ပါတယ်။
နေရပ်ပြန်သူတွေနဲ့ ဂိတ်တွေမှာစောင့်ဆိုင်းရတဲ့ ခရီးသွားတွေကို လမ်းတစ်လျှောက် ကျောက်မဲနဲ့ နောင်ချို ဂိတ်တွေမှာ နားခိုနိုင်ဖို့ စီစဉ်ပေးထားပြီး ဌာနဆိုင်ရာတွေနဲ့ မြို့မိဖြို့ဖတွေ စေတနာရှင်တွေက နေထိုင် စားသောက်ရေးအတွက် အကူအညီပေးနေကြပါတယ်။