အင်းတော်မှာ အရပ်သားလေးဦး ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ
2023.09.06

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် စစ်ခုံရုံးကနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦး၊ စုစုပေါင်း လေးဦးကို စက်တင်ဘာ ၂ ရက်နေ့က ထောင်တစ်သက်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ကြောင်း Indaw Revolution – IR အဖွဲ့ က စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ထောင်မိန့်ချမှတ်ခံရသူတွေဟာ ကိုဇော်မျိုးနိုင်၊ ကိုတင်မောင်ဝင်း၊ ကိုကျော်သက်နဲ့ မသီတာဝင်း တို့ ဖြစ်ပါတယ်။ သူတို့အားလုံး အသက် ၂၀ ကနေ ၃၀ ကြားအရွယ်တွေ ဖြစ်ပြီး ၂၀၂၃ ဇူလိုင်လကမှ အင်းတော်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာပါ။
ဒေသကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းတော်မြို့နယ် စစ်ခုံရုံးကနေ ကိုဇော်မျိုးနိုင်နဲ့ ကိုတင်မောင်ဝင်း ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ (ဂ)၊ ကိုကျော်သက်နဲ့ မသီတာဝင်း ကို ပုဒ်မ ၅၀ (က)၊ (ခ) တို့နဲ့ တရားစွဲခဲ့ပါတယ်။
အဲဒီနောက် နှစ်လအကြာ စက်တင်ဘာ ၂ ရက်နေ့မှာ ကိုဇော်မျိုးနိုင်နဲ့ ကိုတင်မောင်ဝင်း ကို ထောင်ဒဏ် တစ်သက်စီနဲ့ ကျန် နှစ်ဦးကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီး ချမှတ်လိုက် တာပါ။
အဲဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်လိုက်ပေမယ့် သူတို့ လေးဦးဟာ PDF အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ Indaw Revolution- IR အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ထောင်ချခံရတဲ့ လေးဦးထဲက နှစ်ယောက်ကပဲ အင်းတော်မြို့နယ်က ဟုတ်တယ်။ သူတို့ကလည်း ကျွန်တော်တို့နဲ့ ပတ်သက်တာ မရှိပါဘူး။ ကျန်တဲ့ နှစ်ဦးက စစ်ကိုင်း တိုင်းအောက်ပိုင်းကနေ အင်းတော်ကိုလာတဲ့ အချိန်ဖမ်းခံခဲ့ရတာ။ အဲဒါကြောင့်လည်း သူတို့က ဘယ်ရွာကလဲဆိုတာ သတင်းလိုက်ဖို့ ခက်နေတာပေါ့”
ကိုဇော်မျိုးနိုင်နဲ့ ကိုကျော်သက်တို့ နှစ်ဦးဟာ အင်းတော်မြို့နယ်မှာ နေထိုင်တဲ့ဒေသခံတွေ ဖြစ်ပြီး ကိုတင်မောင်ဝင်းနဲ့ မသီတာဝင်း ကတော့ ဘယ်မြို့၊ ဘယ်ရွာကဆိုတာ အတိအကျ မသိရဘူးလို့ သူက ဆိုပါတယ်။ အခုဆိုရင် အင်းတော်မြို့နယ်မှာ သေဒဏ်နဲ့ ထောင် တစ်သက် ချမှတ်ခံရသူ အရပ်သား ၁၀ ယောက် ကျော် ရှိနေပြီလို့ သူက ပြောပါတယ်။
လူငယ်တွေကို ဖမ်းဆီးပြီး ကြီးလေးတဲ့ ပြစ်ဒစ်တွေ ချမှတ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကိုင်းတိုင်းက အင်းတော်အပါအဝင် စုစုပေါင်း မြို့နယ် ၁၄ မြို့နယ်ကို စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီလကစလို့ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ အဲဒီအချိန်ကစလို့ စစ်ကောင်စီက အင်းတော်မြို့ ဝင်ပေါက် သုံးခုမှာ ရဲနဲ့ စစ်သားတွေချပြီး ဝင်ထွက်သွားလာ သူတွေကို နေ့စဉ် တင်းတင်း ကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ခုံရုံးတွေကနေ စစ်ကိုင်းတိုင်းအတွင်းက စုစုပေါင်း လူ ၂၃၅ ဦး ကို ထောင်ဒဏ်တွေ ချမှတ်ထားကြောင်း စစ်ကောင်စီ အဖွဲ့ကို ထောက်ခံအားပေးတဲ့ Telegram channel တွေမှာ ဖော်ပြထားပါတယ်။