အင်းတော်က မီးသွေးဖုတ်သမားကို စစ်ကောင်စီ ထောင်တစ်သက်ချ
2023.03.02
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်တဲ့ အရပ်သားတစ်ဦး ဖေဖာ်ဝါရီလ ၂၇ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု၊ ကမ်းနီးရွာမှာ နေထိုင်ပြီး မီးသွေးဖုတ် လုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် (၂၆) နှစ်အရွယ် ကိုမင်းမင်းဦး(ခ)ကိုလမင်းဟာ အင်းတော်မြို့အတွင်းက စစ်ကောင်စီ စစ်ဆေးဂိတ်မှာ ဖေဖာ်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို PDF နဲ့ပတ်သက်ဆက်နွယ်သူဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင်တစ်သက် ချမှတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ မီးသွေးဖုတ်ပြီးတော့ မြို့ထဲ တစ်ခုခု ဆင်းဝယ်တာ အဲခါမှာ တောကလာတဲ့ ပုံပေါက်နေတော့ PDF ဆိုပြီး ဖမ်းဆီးလိုက်တာပေါ့။ သူ့ အိမ်ကလူတွေလည်း ဖမ်းဆီးခံရပြီး သုံးရက်လောက်မှ သိတာ။ ထောင်ဝင်စာ သွားတွေ့တာလည်း တွေ့ခွင့်မပေးဘူး”
အင်းတော်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့ဖြစ်တာကြောင့် အခုအမှုကို စစ်ဘက်ဆိုင်ရာ တရားရုံးက အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFAက မေးမြန်းဖို့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း အရပ်သားလေးဦးကို အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီး တရားစွဲဆိုထားပြီး ၂၀၂၃ နှစ်ဆန်းကစပြီး ယနေ့ အချိန်အထိ အရပ်သား ခုနှစ်ဦး ဝန်းကျင်လောက် ဖမ်းဆီးတရားစွဲဆို ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်ပေါင်း ၄၀ ကို ပြီးခဲ့တဲ့လက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ အဲဒီမြို့နယ်တွေက အမှုအခင်းတွေကိုလည်း စစ်ခုံရုံးကစီရင်ဖို့ ခွင့်ပြုထားတာကြောင့် အရပ်သားတွေဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှုတွေ ရှိနေတာလို့လည်း ဒေသခံတွေကပြောပါတယ်။