ရွေးကောက်ပွဲ မျှတမှုမရှိကြောင်း တသီးပုဂ္ဂလများ ထုတ်ပြန်ကြေညာ
2010.11.12

သူတို့ ၆ ဦး ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ကို မနေ့ ညနေပိုင်းက ဆွေးနွေး သဘောတူခဲ့တာ ဖြစ်တယ်လို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးဝင်းချိုက ပြောပါတယ်။
“နိုင်သလောက် အားလုံး လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်ရုံနဲ့ ရလဒ်တွေကို ကန့်ကွက်ရုံနဲ့ ပြည်သူအကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ တနေကုန် ကန့်ကွက်ပါမယ်။ ရလဒ်ကို လက်ခံတယ်လို့၊ အသိအမှတ်ပြုတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒါကို ကန့်ကွက်နေမဲ့အစား ကျွန်တော်တို့ လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့ အရင်ဆုံး စဉ်းစားမယ်ဆိုတဲ့ အကြောင်းကို ပြောတာပါ။”
သူတို့ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ စနစ်တကျ မရှိတဲ့အပြင် သမာသမတ် မကျတဲ့ အတွက် သူတို့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီလို ရွေးကောက်ပွဲမှာ မသမာမှုတွေများတာကြောင့် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ ပိုများ လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
ဒီထုတ်ပြန်ချက်ကို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးဝင်းချို၊ သံလျင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးဝင်းကိုကိုဝင်း၊ ဦးစိုးကြည်၊ ရွှေပြည်သာမြို့နယ်က ဒေါ်ခင်သိန်းဝင်း၊ လေးမျက်နှာမြို့နယ်က ဒေါက်တာစိုးလွင်နဲ့ ဦးဇော်မင်းသိန်းတို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။