နယ်စပ်ခြံစည်းရိုးအတွက် ဒေါ်လာ လေးဘီလီယံနီးပါး သုံးစွဲဖို့ အိန္ဒိယ ပြင်ဆင်

RFA Burmese
2024.03.27
နယ်စပ်ခြံစည်းရိုးအတွက် ဒေါ်လာ လေးဘီလီယံနီးပါး သုံးစွဲဖို့ အိန္ဒိယ ပြင်ဆင် အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာအား ၂ဝ၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။
AFP

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် မှောင်ခိုလုပ်ငန်းတွေနဲ့ တရားမဝင်လှုပ်ရှားမှုတွေကို တားဆီးဖို့ အိန္ဒိယအစိုးရက ဒေါ်လာ လေးဘီလီယံနီးပါး သုံးစွဲပြီး နယ်စပ်ခြံစည်းရိုး တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

နယ်စပ်ခြံစည်းရိုးကာရံမယ့် ကုန်ကျစရိတ်ကို အိန္ဒိယအစိုးရကော်မတီက ဒီလဆန်းမှာ ခွင့်ပြုလိုက်တာလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦး ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

အိန္ဒိယအစိုးရဝန်ကြီးချုပ်ရုံး၊ ဘဏ္ဍာရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေဆီ အီးမေးလ်းကတဆင့် ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ချက်မရသေးဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကလည်း မှတ်ချက်ပေးထားတာ မရှိသေးပါဘူး။

မိုင်တစ်ထောင်ခန့် ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်တလျှောက် နှစ်ပေါင်းများစွာ ခွင့်ပြုထားတဲ့ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို အဆုံးသတ်ဖို့နဲ့ စည်းရိုးကာဖို့ ဆုံးဖြတ်ချက်ကို အိန္ဒိယအစိုးရက ဒီနှစ်ဆန်းကတည်းက ထုတ်ပြောခဲ့တာပါ။

ဒီစည်းရိုးတလျှောက် အပြိုင်လမ်းတွေ ဖောက်လုပ်ဖို့၊ နယ်စပ်နဲ့ စစ်တပ်စခန်းတွေကို ချိတ်ဆက်ထားတဲ့ လမ်းတွေ ဖောက်လုပ်ဖို့လည်း အိန္ဒိယအကြီးတန်းအရာရှိတွေက သဘောတူထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက နယ်စပ်ကတဆင့် ပြည်သူသောင်းနဲ့ချီ အိန္ဒိယဘက် ထွက်ပြေးခိုလှုံခဲ့ကြသလို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။