မီဇိုရမ်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို အိန္ဒိယအစိုးရက ဆန်ထောက်ပံ့မည်

RFA Burmese
2024.08.15
မီဇိုရမ်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို အိန္ဒိယအစိုးရက ဆန်ထောက်ပံ့မည် လောင်တလိုင်ခရိုင်၊ ကာကီဆွာ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသော ပလက်ဝ ဒေသခံများကို ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
Paletwa IDPs and Humanitarian Supporting

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေနဲ့ တခြား စစ်ဘေးဒုက္ခသည်တွေအပါအဝင် သဘာဝဘေးဒဏ်သင့် ဒေသခံတွေကို အိန္ဒိယဗဟိုအစိုးရက ဆန်ထောက်ပံ့ပေးမယ်လို့ မီဇိုရမ်ရဲ့ အာဏာရပါတီ Zoram People's Movement (ZPM) က သြဂုတ်လ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အိန္ဒိယ ဗဟိုအစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် ၄၅,၀၀၀ ကျော်နဲ့ သဘာဝဘေးကြောင့် အသက်အိုးအိမ် ဆုံးရှုံးရတဲ့မီဇိုရမ်က ဒေသခံတွေအတွက် ရူပီးသိန်း ငါးရာခန့်တန်ဖိုးရှိတဲ့ ဆန် မက်ထရစ်တန်ချိန် ၁၃၀၀ ကျော် (၁၃၇၉.၃၄) ကို ထောက်ပံ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထောက်ပံ့မှုအတွက် မီဇိုရမ် ပြည်နယ်အစိုးရထံ ပေးအပ်တဲ့ အသိပေးစာကို သြဂုတ်လ ၁၄ ရက်နေ့မှာ လက်ခံရရှိတယ်လို့ Zoram People's Movement (ZPM) ပါတီက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုးမား (Lalduhoma) က မီဇိုရမ်ပြည်နယ်အတွင်း သဘာဝဘေးကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုနဲ့ အိမ်နီးချင်းနိုင်ငံတွေက စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည်တွေအတွက် ဆန်လိုအပ်ချက် မြင့်မားနေပြီး ကူညီထောက်ပံ့ပေးဖို့ ဗဟိုအစိုးရကို တင်ပြခဲ့တာပါ။

အိန္ဒိယ ဗဟိုအစိုးရရဲ့ ဒီအကူအညီဟာ ခက်ခဲနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် အထောက်အပံ့ဖြစ်တဲ့အကြောင်း လုံခြုံရေးရ အမည်မဖော်လိုတဲ့ Network for unity Association Mizoram (NUA) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အိန္ဒိယဗဟိုအစိုးရက ထောက်ပံ့မဲ့ဟာ တကယ်ဖြစ်လာရင် စစ်ဘေးရှောင်တွေအတွက် ကောင်းတာပေါ့။ ဒါ့ပေမဲ့ စစ်ဘေးဒုက္ခသည်တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားဝင်ပြောတာ မရှိသေးဘူး။ သူတို့ စာထုတ်တဲ့အဆင့်ပဲ ရှိသေးတယ်”

မီဇိုရမ်ပြည်နယ်ထဲက မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်ခွင့်သာရပြီး စားနပ်ရိက္ခာအတွက် ကိုယ်တိုင် ရှာဖွေစားသောက်နေကြရတာလည်း ဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုပုံစံနဲ့ ကူညီထောက်ပံ့ပေးမယ်ဆိုတာတော့ Zoram People’s Movement (ZPM) ပါတီက အသေးစိတ် ဖော်ပြထားတာမရှိပါဘူး။

မီဇိုရမ် ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ မီဇိုရမ်ပြည်နယ်မှာ ထွက်ပြေးခိုလှုံလာသူ မြန်မာစစ်ဘေးဒုက္ခသည် ၃၅,၀၀၀ ကျော်ရှိနေပြီး မဏိပူရ်ပြည်နယ်က လူမျိုးရေးပဋိပက္ခကြောင့် ထွက်ပြေးလာသူ တစ်သောင်းကျော်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ထွက်ပြေးခိုလှုံလာသူ တစ်ထောင်ကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။