အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို CNF သိမ်း
2023.11.13
အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း နှစ်ခုကို နိုဝင်ဘာလ ၁၃ ရက်နေ့က သိမ်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
"ရိဒ်ခေါ်ဒါရ်မှာ တပ်စခန်းနှစ်ခုရှိတယ်၊ အဲနှစ်ခုစလုံးကို မနေ့ည (နိုဝင်ဘာ ၁၂ ရက်) ကတည်းက ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်ပြီးတော့ ဒီနေ့ညနေ ၅ နာရီမှာ အပြီးသိမ်းလိုက်နိုင်တယ်၊ တိုက်ပွဲဖြစ်တဲ့ချိန်မှာ သူတို့ဘက်က ဂျက်ဖိုက်တာတစ်စီးရယ်၊ MI 35 နှစ်စီးရယ် လာရောက်ပစ်ခတ်မှုရှိတယ်၊ ဒါပေမဲ့ ထိခိုက်မှုတော့ မရှိဘူး။"
ဒီတိုက်ပွဲမှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ထန်တလန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆယ်ယောက်ကျော် ဒဏ်ရာရရှိခဲ့သလို သေဆုံးသူလည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က ငါးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ခုနစ်ယောက်လက်နက်ချခဲ့ပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့လူတွေလည်းရှိတယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။
ဒီစစ်ကောင်စီရဲ့စခန်းတွေဟာ CNF ရဲ့ဌာနချုပ်နဲ့နီးသလို အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ်ရေးလမ်းမှာရှိတာကြောင့် စစ်ကောင်စီက ကုန်သွယ်ရေး၊ စီးပွားရေးကိုဖြတ်တောက်တဲ့အတွက် သိမ်းခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲပြီး မြန်မာဘက်ခြမ်းမှာ အယောက်နှစ်ဆယ်နီးပါးဒဏ်ရာရခဲ့သလို အိန္ဒိယဘက်ခြမ်းကိုလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ဘေးဒုက္ခသည် ဆယ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ခုနစ်နှစ်အရွယ် ကလေးနဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။