စစ်ကောင်စီအတိုက်အခံတွေကို ဆွေးနွေးပွဲတက်ရောက်ဖို့ အိန္ဒိယဖိတ်ကြား

RFA Burmese
2024.09.23
စစ်ကောင်စီအတိုက်အခံတွေကို ဆွေးနွေးပွဲတက်ရောက်ဖို့ အိန္ဒိယဖိတ်ကြား ၂ဝ၂၁ ခုနှစ်အတွင်း တွေ့ရသည့် အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာမြင်ကွင်း။
Photo: AFP

နယူးဒေလီမြို့မှာ ကျင်းပမယ့် နှီးနှောဖလှယ်ပွဲကို စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးအတိုက်အခံတွေကို အိန္ဒိယနိုင်ငံက ဖိတ်ကြားထားတယ်လို့ ရိုက်တာသတင်းက စက်တင်ဘာ ၂၃ ရက်နေ့က ဖော်ပြပါတယ်။

သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြတာဖြစ်ပြီး ဒါဟာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ အဆက်အဆံမပျက်တဲ့ တောင်အာရှအင်အားကြီးနိုင်ငံရဲ့ ထူးခြားတဲ့ အရွေ့လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် နယ်စပ်ချင်း မိုင်တစ်ထောင်ကျော်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံနယ်စပ် မတည်မငြိမ်ဖြစ်ရပါတယ်။ အိန္ဒိယနိုင်ငံအတွက် အဓိကကျတဲ့ စီမံချက်တချို့ကလည်း နယ်စပ်မှာ ရှိနေတာပါ။

နိုဝင်ဘာလလယ်လောက်မှာ ကျင်းပမယ့် နှီးနှောဖလှယ်ပွဲတက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အိန္ဒိယနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလူနည်းစုတွေကို ဖိတ်ကြားထားတယ်လို့ ဒီကိစ္စကို တိုက်ရိုက်သိရှိထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါင်းဆောင်တစ်ယောက်နဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောကြားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစိုးရရန်ပုံငွေနဲ့ ကျင်းပမယ့် အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ (ICWA)က နှီးနှောဖလှယ်ပွဲ ကျင်းပမှာဖြစ်ပြီး ဒီကောင်စီမှာ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲတက်ရောက်ဖို့ စစ်ကောင်စီကိုလည်း ဖိတ်ကြားသလားဆိုတာ မသိရသေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နဲ့ ဖက်ဒရယ်ဝါဒကို ဆွေးနွေးမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။