မြန်မာနဲ့ အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ပြန်သုံးသပ်
2018.06.08

မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီဂျေ ဂိုခေးလ် (Vijay Gokhale) နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ မနေ့က အပြန်အလှန် သုံးသပ်ဆွေးနွေးကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး ဘယ်လောက်ပြီးစီး အောင်မြင်ခဲ့လဲဆိုတာကို ပြန်သုံးသပ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ နှစ်နိုင်ငံထိပ်တန်းခေါင်းဆောင်တွေ အပြန်အလှန်သွားလာကြတဲ့ ခရီးစဉ်တွေ၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာကိစ္စတွေ၊ နယ်စပ်အရေးနဲ့ စီမံကွပ်ကဲမှုတွေ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး အကြောင်းတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှုနဲ့ သံတမန် ဆက်ဆံရေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေထဲက နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ အကြောင်း အရာတွေကိုလည်း အမြင်ချင်းဖလှယ်ကြတယ်လို့ ပြောပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပြီးခဲ့တဲ့ မေလမှာ မြန်မာနိုင်ငံကို ၂ ရက်ကြာလာခဲ့တဲ့အချိန်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ပြီး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး၊ နယ်စပ်အရေးနဲ့ ရိုဟင်ဂျာအရေးတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ နှစ်နိုင်ငံအကျိုးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။