အိန္ဒိယအနေနဲ့ နယ်စပ်လုံခြုံရေးကို မစိုးရိမ်ဖို့ CNF ပြော
2023.02.08

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုအပေါ် အိန္ဒိယနိုင်ငံအနေနဲ့ မစိုးရိမ်ဖို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကိုပြောပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ဟာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယနယ်စပ် တစ်လျှောက်နဲ့ မီဇိုရမ်ဘက်လုံခြုံရေး ထိခိုက်လာမှာကို အိန္ဒိယ အစိုးရအနေနဲ့ စိုးရိမ်ကြောင်း The Asian Age သတင်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က CNA နဲ့ ထန်တလန် CDF အဖွဲ့တို့ဟာ ထန်တလန်မြို့ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
The Asian Age သတင်းမှာတော့ အဲဒီနေရာဟာ အိန္ဒိယနယ်စပ်နဲ့နီးပြီး အိန္ဒိယ အရှေ့ပိုင်းတပ်မတော်နဲ့ (၆) မိုင်ကနေ (၉) မိုင်အကြားသာ ဝေးကွာမယ်လို့ ခန့်မှန်းကြောင်း ဖော်ပြထားပါတယ်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ မြို့ပေါ်တွေမှာပဲ ဒရုန်းအသုံးပြုပြီး တိုက်တာဖြစ်လို့ နယ်စပ်ဘက်ကို စိုးရိမ်စရာမလိုဘူးလို့ RFA ကိုပြောပါတယ်။
"ကျနော်တို့က စကစရှိတဲ့ နေရာတွေကိုပဲ ဒရုန်းနဲ့ တိုက်တာပါ။ စကစတွေဟာ နယ်စပ်အထိ မရောက်နိုင်ပါဘူး။ မြို့ပေါ်တွေအထိပဲ ရောက်တာဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အိန္ဒိယဘက်ကနေ ကျနော်တို့ဘက်ကို ဒရုန်းနဲ့ ကင်းထောက်တာတွေပဲ ရှိတယ် "
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း နှစ်နှစ်ပြည့်နေ့ကလည်း ဟားခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဟားခါး CDF အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း CNF ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ အိန္ဒိယနိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့အပြင် အိန္ဒိယဘက်အခြမ်း၊ မီဇိုရမ်ပြည်နယ်က ရွာတစ်ရွာမှာပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီဇိုရမ်အစိုးရကတော့ အိန္ဒိယဘက်အခြမ်းကို ကျည်ကျရောက်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။