အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး


2014.11.23

အိန္ဒိယအမျိုးသား ထောက်လှမ်းရေးအေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသူဖြစ်တယ်လို့ ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာဖေါ်ပြထားပါတယ်။

ခါလစ်မိုဟာမက်ဟာ လက်ရှကာအီးတိုင်ဘာ အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့အတူ စစ်သွေးကြွတွေကို မြန်မာနိုင်ငံ ထဲမှာ သင်တန်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ သူ့အိမ်ကိုရှာဖွေတဲ့အခါမှာ အူရဒူဘာသာနဲ့ရေးထားတဲ့ ဖေါက် ခွဲရေးနည်းပညာတွေကို  ကွန်ပျူတာမှတ်တမ်းထဲကနေတွေ့ရပြီး၊ ဒီနည်းပညာတွေကို မြန်မာ နယ်စပ်က စစ်သွေး ကြွစခန်းတွေမှာပြုလုပ်တဲ့ ၁၅ ရက် သင်တန်းတွေမှာ ပို့ချခဲ့တယ်လို့ဆိုပါတယ်။ထောက်လှမ်းရေးဌာနရဲ့ ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ သူဟာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၄ နိုင်ငံကို သွားလာနေခဲ့တယ် လို့သိရပါတယ်။

ခါလစ်မိုဟာမက်ဟာ စစ်သွေးကြွအဖွဲ့ဝင် အယောက် ၄၀ ကို  ၈ ကြိမ်ခွဲပြီး သင်တန်းပို့ချခဲ့တယ်လို့ ဝန်ခံထွက်ဆို တဲ့အကြောင်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိတစ်ဦးကပြောပါတယ်။ဒါ့အပြင် ကရာချိမြို့ပြင်နဲ့ ဆော်ဒီအာရေး ဗီယားမှာ အခြေစိုက်ထားတဲ့ ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေအမြောက်အများရခဲ့တယ်လို့ ခါလစ်မိုဟာမက်က ထွက်ဆိုတဲ့အကြောင်းနဲ့ အဲဒီငွေတွေကိုဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ခဲ့တဲ့အကြောင်း၊ Viber, WeChat, Tangoe နဲ့ Skype တို့ကနေတဆင့် သူ့အဖွဲ့တွေကို ဆက်သွယ်ခဲ့တဲ့အကြောင်း သိရတယ်လို့ဆိုပါတယ်။

သူ့ကို ပထမဆုံးစည်းရုံးခဲ့သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အက်ဗ်ဒူရာမန်ဆိုသူဖြစ်ပြီး၊ အဲဒီပုဂ္ဂိုလ်က လက်ရှကာ အီးတိုင်ဘာအဖွဲ့ဝင်တွေဖြစ်တဲ့ အလီနဲ့ ဟေဒါဆိုသူ နှစ်ဦးနဲ့သူ့ကို ထပ်မံမိတ်ဆက်ပေးခဲ့သလို၊ အဲဒီနှစ်ယောက် နဲ့အတူ သင်တန်းတွေပေးဖို့ မြန်မာနယ်စပ်ကို သွားခဲ့တဲ့အကြောင်း ထွက်ဆိုတယ်လို့ အိန္ဒိယထောက်လှမ်းရေး ကပြောပါတယ်။ခါလစ်မိုဟာမက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အိန္ဒိယကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ ဒေလီ၊ လပ်နောနဲ့ ဂျမ်မူမြို့တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဖို့သွားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။