ပလက်ဝ-မီဇိုရမ်ကို ဖောက်လုပ်မယ့် လမ်းစီမံကိန်း
2018.10.22

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖောက်လုပ်မယ့် ၁၀၉ ကီလိုမီတာရှိမယ့် လမ်းစီမံကိန်းကို ၃နှစ်အတွင်း ဖောက်လုပ်မယ်လို့ သိရပါတယ်။
နေပြည်တော်က Hilton ဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်၀ ပြည်တွင်းရေကြောင်းဆိပ်ကမ်းနဲ့ ဆက်စပ်ပစ္စည်းအဆောက်အအုံ တွေကို စီမံခန့်ခွဲဖို့ Private Port Operator ရွေးချယ်တဲ့ MOU ရေးထိုးတဲ့အခမ်းအနားအပြီးမှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးစိုးသိန်းက ပြောတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီစီမံကိန်းအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၃၂၈ သန်း ကူညီမယ်လို့လည်း ဆိုပါတယ်။
မြန်မာနဲ့ အိန္ဒိယအစိုးရတို့ ၂၀၀၈ ခုနှစ်က ရရှိထားတဲ့ သဘောတူညီချက်အရ ရေပိုင်းဆိုင်ရာအတွက် အမေရိကန် ဒေါ်လာ သန်း ၁၆၀၊ ကုန်းပိုင်းဆိုင်ရာအတွက် အမေရိကန်ဒေါ်လာ ၃၂၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန် စီမံကိန်းဖြစ်ပါတယ်။
ဒါ့အပြင် ပြီးစီးသွားတဲ့ ရေကြောင်းဆိုင်ရာ လုပ်ငန်းတွေကြောင့် မြန်မာဘက်က ပလက်ဝမှာ တန်ချိန် နှစ်သောင်း ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတားတစ်စင်း၊ ရုံးပိုင်းဆိပ်ကမ်းပိုင်းဆိုင်ရာ အဆောက်အအုံတွေ ရရှိပြီးဖြစ်ပါတယ်။
အိန္ဒိယရဲ့ အဲဒီအကူအညီဟာ နှောင်ကြိုးမဲ့ အကူအညီဖြစ်ပြီး ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်မှု၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့ကဏ္ဍတွေမှာ တိုးတက်လာမယ်လို့လည်း ဦးစိုးသိန်းက ပြောပါတယ်။