ကျားဖြန့်ဂိုဏ်းမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကယ်တင်ဖို့ အိန္ဒိယ စတင်ဆောင်ရွက်
2025.02.19

ထိုင်း-မြန်မာနယ်စပ်အနီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၄၀ ကို ကယ်တင်ဖို့အတွက် စတင်ဆောင်ရွက်နေပြီလို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အတည်ပြုကြောင်း The Times of India က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ အီးမေးလ်ကို ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးက အခုလို တုံ့ပြန်လိုက်တာလို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က ငွေလိမ်ဂိုဏ်းတွေကို နိုင်ငံတကာရဲ့ ဖိအားပေးမှုနဲ့ အကြီးစားနှိမ်နင်းမှု ဆောင်ရွက်နေပြီး လာမဲ့ရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရသူ အများအပြား ထိုင်းနိုင်ငံကတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးဖို့ ရှိနေတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးအနေနဲ့ လက်ရှိအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အကူအညီလိုအပ်သူအတွက် အရေးပေါ် ခေါ်ဆိုနိုင်မဲ့ ဖုန်းနံပါတ်ကိုလည်း ထုတ်ပြန်ပေးထားပြီလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်း (ကျားဖြန့်ဂိုဏ်း) တွေမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသားတချို့က ပြန်ကယ်ထုတ်ပေးဖို့ မိသားစုဝင်တွေကို အရေးပေါ် ဆက်သွယ် အကူအညီတောင်းလာကြောင်း The Times of India က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖော်ပြခဲ့တာပါ။
အကူအညီတောင်းခံသူကပေးပို့တဲ့ တည်နေရာဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင် (KK Park) အနီးပတ်ဝန်းကျင်က ဖြစ်ကြောင်း အတည်ပြုထားတယ်လို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ နိုင်ငံခြားသား ၁၃၀၀ ကျော်ကို စိစစ်ဖော်ထုတ်ထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။