အိန္ဒိယနိုင်ငံသား လူငယ်တဦး ကလေးစစ်သားအဖြစ် စုဆောင်းခံရ
2011.03.17

အိန္ဒိယနိုင်ငံသားတဦး ဖြစ်တဲ့ ထန်မိုင်စိုးလ်ဟာ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်က နာဂလူမျိုး တဦးဖြစ်ပြီး လွန်ခဲ့ ၃ နှစ်က လူမှောင်ခို ပွဲစားတွေကတဆင့် စစ်သား စုဆောင်းရေးကို ရောင်းစားခဲ့တာလို့ အမှုကို ကူညီပေးနေတဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။
“မိဘတွေက အင်ဖာမြို့မှာ နေတဲ့ နာဂတန်းဆိုတာ ရပ်ကွက်မှာပေါ့နော်၊ အဲဒီမှာနေတာ သူ့အဖေ နာမယ်က ရော့က်ဆန်း၊ အမေနာမယ်က ဟာမီလာ။ သူ့ကို ဒီ အိန္ဒိယ-ဗမာ နယ်စပ်မှာ ဒီဖက်ကို ယူလာပြီး ရောင်းလိုက်တာဗျ။ ရောင်းလိုက်ရင်းနဲ့ သူက ဒီ အင်တိုင်းမှာ ရှိတဲ့ ၃၆၁ တပ်ကို စစ်သားအဖြစ်နဲ့ ရောက်သွားတယ်။ ရောက်တဲ့အချိန်မှာ သူက အသက်က ၁၆ နှစ် မပြည့်သေးဘူး။”
“ဒါပေမဲ့ သူ့ကို ထန်မိုင်စိုးလ် ခေါ် ထန်မင်းဇော်ဆိုပြီး ပြောင်းပြီးတော့ အဖေနာမယ်ကိုလည်း ဦးသန်းလွင် ဆိုပြီးတော့ အဲဒီ လာပို့တဲ့လူက သူ့နာမယ် သွင်းလိုက်တာ။ အဲဒီတော့ သူက ဒီ ကရင်ပြည်နယ် စစ်ဆင်ရေးကို လွှတ်လိုက်တဲ့အခါကျတော့ သူက မလိုက်လိုတော့ သူ့မှာ ပြန်ဖို့ကလည်း မရှိဘူး။ အဲဒီတော့ သူက အရာရှိရဲ့ သေနတ်ကို ယူပြီးတော့ ရောင်းဖို့ ဆိုပြီးတော့ ပြန်လာတာ၊ မန္တလေးမြို့မှာ အဖမ်းခံလိုက်ရတယ်။ အဲဒီတော့ စစ်တရားရုံးက ထောင် အနှစ် ၂၀ ချလိုက်တယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေဆီကို တင်ပြထားတယ်လို့ သိရပါတယ်။