တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ လက်ခံတွေ့ဆုံပြီး အဲဒီအဖွဲ့ ဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်း အတွေ့အကြုံ တင်ပြချက်တွေကို လက်ခံ နားထောင်ခဲ့သလို၊ NLD ရဲ့ လူမှုရေးအလုပ်တွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်မဲ့ အကြောင်းတွေ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။

2011.01.14
assk_nld_office_305_z.png မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
မင်္ဂလာမြန်မာအမည်နဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာ ဘုန်းဝင်း၊ ဒေါ်ယုဇာ မော်ထွန်း၊ ကိုတင့်ဆန်း တို့က ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြကြပြီး ဆွေးနွေးကြတာလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။

“သူတို့ကတော့ စောစောပိုင်းကတည်းက မင်္ဂလာမြန်မာ နာမယ်နဲ့ လူမှုရေးတွေ ဘာတွေ လုပ်နေတာလေ။ အဲဒီ အတွေ့အကြုံတွေကို ဒေါ်စုကို လာတင်ပြပြီးတော့ ဒီ NLD က လုပ်မဲ့ လူမှုရေး အစီအစဉ်နဲ့ သူတို့ လူမှုရေး အစီအစဉ်နဲ့ ပေါင်းပြီးတော့ လုပ်ရင် ဘယ်လောက် အတိုင်းအတာအထိ ထိရောက်မယ် ဆိုတဲ့ဟာကို လာဆွေးနွေးတာပါ။ ဆွေးနွေးတာတွေကတော့ လိုတဲ့နေရာတွေမှာ ရေနက်တွင်း တူးဖို့ ကိစ္စတွေ၊ နောက် တခြား လူမှုရေးကိစ္စတွေ ပေါင်းလုပ်လို့ ရမဲ့ အလားအလာတွေကို ဆွေးနွေးတာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တဖက်မှာ ပါတီတည်ရှိရေး ဥပဒေကြောင်းအရ ရုန်းကန် တိုက်ပွဲဝင်နေရသလို၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကလည်း ကိုယ်တာဝန် ကိုယ်ဆောင်ရွက် နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အရေးတွေ ဖြစ်တဲ့ ဒီကနေ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မုန်တိုင်းသင့်ဒေသက အခက်အခဲတွေ၊ ချင်းပြည်နယ်က စားနပ်ရိက္ခာ ပြတ်လတ်မှုတွေ၊ ကျန်းမာရေးကိစ္စတွေ စတဲ့ လူမှုရေးတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်နေ့စဉ် လုပ်ငန်းတွေအတိုင်း နိုင်ငံခြားသား ဧည့်သည်တွေကို လက်ခံတွေ့ဆုံပြီး မြန်မာ့အရေးတွေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။