မြန်မာ့အရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး အလှမ်းဝေးဆဲလို့ အင်ဒိုနီးရှားပြောကြား

2023.11.01
မြန်မာ့အရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး အလှမ်းဝေးဆဲလို့ အင်ဒိုနီးရှားပြောကြား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတက်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ (Retno Marsudi)။
Reuters

မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ အလှမ်းဝေးနေဆဲပါပဲလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအစိုးရက ဝန်ခံပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ ၂ဝ၂၃ ခုနှစ် အာဆီယံ သတင်းမီဒီယာ ညီလာခံမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ (Retno Marsudi) က အခုလိုပြောကြားခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ ဒီလိုအခြေအနေတွေ ရှိနေပေမယ့် သူတို့ အင်ဒိုနီးရှား အစိုးရအနေနဲ့ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမျိုးတွေ ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူတွေကို ဆက်လက်ပြီး ဖျောင်းဖျစည်းရုံးမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်ရဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် အင်ဒိုနီးရှားအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီ အပါအဝင် မတူကွဲပြားတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ဆက်သွယ်ပြောဆိုနေပါတယ်။

ဒီနှစ် ဇန်နဝါရီလမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့ချိန်ကစပြီး အခုအထိ ဆွေးနွေးပွဲအကြိမ် ၁၈ဝ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

NUG နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးကို ကြိုတင်ကန့်သတ်ချက် တစ်စုံတစ်ရာမရှိဘဲ ဆွေးနွေးလိုတဲ့ဆန္ဒ ရှိပါသလားလို့ မိမိက မေးမြန်းကမ်းလှမ်းခဲ့ပေမယ့် အပြုသဘောတုံ့ပြန်ချက်မရှိပါဘူး။

အဲဒီလိုဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေးအတွက် သက်ဆိုင်သူတွေအကြား ယုံကြည်မှု မရှိဘဲနဲ့လည်း မဖြစ်နိုင်ပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူးဒီကပြောပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပြီးဆုံးသွားပြီဆိုရင်လည်း မြန်မာ့အရေးအတွက် မိမိတို့ ဆက်လက်ကြိုးပမ်းမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောဆိုခဲ့တယ်လို့ ဂျကာတာသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။