မြန်မာ့အရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် အရေးကြီးကြောင်း အင်ဒိုနီးရှား ပြော
2024.02.07

မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အဆက်မပြတ်သွားစေဖို့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ပုံစံသစ်က အလွန်အရေးကြီးတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ က ပြောကြောင်း အင်ဒိုနီးရှား Antara သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ အထောက်အကူဖြစ်စေဖို့ အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ နောက်ဥက္ကဋ္ဌ သုံးနိုင်ငံပူးပေါင်းပြီး ဆောင်ရွက်မယ့်ပုံစံသစ်ကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီခဲ့တာလို့ ဆိုပါတယ်။
အစီအစဉ်အရ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ မှတ်တမ်းတွေအားလုံးကို လာအိုနိုင်ငံထံ လွှဲပြောင်းပေးထားပြီး အခုနှစ် အလှည့်ကျဥက္ကဋ္ဌအနေနဲ့ လာအိုနိုင်ငံက ဆက်လက်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုပုံစံမှာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို မသွေဖည်သွားသရွေ့ တခြား အာဆီယံအဖွဲ့နိုင်ငံတွေရဲ့ ပါဝင်မှုကို မပိတ်ပင်ထားဘူးလို့လည်း ဆိုပါတယ်။
အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌလက်ထက်မှာ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနီးပါးနဲ့ ထိတွေ့ဆက်ဆံမှု (၂၆၅) ကြိမ်ထက်မနည်း ဆောင်ရွက်ခဲ့တယ်လို့ Antara က ဖော်ပြထားပါတယ်။
အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေဟာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုပုံစံကို ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။