ကျွန်အဖြစ်ခိုင်းစေမှု အင်ဒိုနီးရှားရောက် မြန်မာ ၂ ဦးထွက်ဆို
2015.12.04

အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းကုမ္ပဏီတစ်ခုမှာ ကျေးကျွန်သဖွယ် နှိပ်စက်ညင်းပန်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂ ဦးက သူတို့ရဲ့ အတွေ့အကြုံတွေကို အင်ဒိုနီးရှား တရားရုံးတစ်ခုမှာ မနေ့က ထွက်ဆိုခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ မိုင် ၁၈ဝဝ လောက်ဝေးတဲ့ Maluku ပြည်နယ်က တရားရုံးမှာ မြန်မာ အလုပ်သမား ကိုညိုနိုင်နဲ့ ကိုဇော်မြတ်တို့က သူတို့ကိုကျွန်းတစ်ကျွန်းက ငါးဖမ်းလုပ်ငန်းမှာ အခကြေးငွေမပေးပဲ တစ်ရက်ကို ၂၄ နာရီပတ်လုံးခိုင်းစေပုံတွေ၊ ရိုက်နှက်ခံရပုံတွေနဲ့ အကျဉ်းထောင်လို အခန်းထဲသော့ခတ် ထားပုံတွေကိုထွက်ဆိုသွားခဲ့ပါတယ်။
အာရှနိုင်ငံတွေက အလုပ်သမား ရာပေါင်းများစွာကို အင်ဒိုနီးရှားကျွန်းတွေမှာ ကျွန်သဖွယ်ခိုင်းစေမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦးကို လူကုန်ကူးမှုနဲ့ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။
အဲ့ဒီသူတွေဟာ ပစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၄၆ဝဝဝ အထိအပစ်ပေးခံရနိုင် ပါတယ်။ မနေ့ကထွက်ဆိုတဲ့ မြန်မာ ၂ ဦးအပါအဝင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုမယ့်အလုပ်သမား ၁ဝ ဦးကျော်ရှိတယ်လို့ သိရပါတယ်။
အခုလို အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံက ဘင်ဂျီနာဆိုတဲ့ကျွန်းကလေးမှာ ကျေးကျွန်တွေလို ခိုင်းစေနေကြောင်း ပြီးခဲ့တဲ့မတ်လမှာ အေပီ သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဖမ်းဆီးအရေး ယူမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။