ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံကြောင်း အင်ဒိုနီးရှားဒေသခံတွေ ဆန္ဒပြ

RFA Burmese
2023.12.06
ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံကြောင်း အင်ဒိုနီးရှားဒေသခံတွေ ဆန္ဒပြ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို လက်မခံနိုင်ကြောင်း ဒေသခံ အင်ဒိုနီးရှားနိုင်ငံသားတစ်ရာကျော်က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ဒုက္ခသည် ၁၃၉ ဦးပါတဲ့ စက်လှေဟာ ပြီးခဲ့တဲ့ စနေနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဆာဘန်းကျွန်းကို ထပ်မံဆိုက်ရောက်လာခဲ့ပါတယ်။ သူတို့ကို ဒေသခံတွေက လက်မခံဘဲ ပင်လယ်ထဲကို ပြန်ပို့ဖို့ ခြိမ်းခြောက်ခဲ့သလို နေရာရွှေ့ပြောင်းပေးဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ အာဏာပိုင်တွေက ရောက်လာတဲ့ဒုက္ခသည်တွေကို ရွက်ဖျင်တဲတွေနဲ့ သင်္ဘောကျင်းတစ်ခုမှာ နေရာချထားပေးထားပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ ဒေသခံ ၁၅၀ လောက်ဟာ ဒီအခြေအနေကို လက်မခံကြောင်း ဆန္ဒပြခဲ့ပြီး အဲ့ဒီနေရာမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဂိတ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခလည်း ဖြစ်ခဲ့ပါတယ်။

ဆာဘန်းကျွန်းမှာ လုံခြုံရေးယူပေးနေတဲ့ ရဲချုပ် Erwan က “လူတွေက သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်နိုင်တယ်။ ကျွန်တော်တို့ ဒီဧရိယာလုံခြုံဖို့ပါပဲ။ လုံခြုံရေးအတွက် ကျွန်တော်တို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။ ဒီအခြေအနေကို ကျွန်တော်တို့ ထိန်းလိုက်နိုင်ပါတယ်။ ဆန္ဒပြတဲ့ လူတွေက ဒုက္ခသည်တွေထားတဲ့အထဲ ဝင်ချင်တာကြောင့် ခြံစည်းရိုးကို တွန်းထုတ်ခဲ့တာတွေရှိခဲ့တယ်။” လို့ AFP ကို ပြောထားပါတယ်။

ဆန္ဒပြသူတွေ ထွက်ခွာသွားပြီးနောက် ရိုဟင်ဂျာဒုက္ခသည်တွေက ဆုတောင်းပွဲတစ်ခု လုပ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းအရ ရိုဟင်ဂျာ ၃,၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံတွေကို အန္တရာယ်တွေကြားထဲက ထွက်ခွာဖို့ ကြိုးပမ်းခဲ့ပြီး ထွက်ခွာသူတွေထဲက ၃၅၀ နီးပါးဟာ သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။