လူမှောင်ခိုကြောင့် ရိုဟင်ဂျာတွေ ပိုရောက်တာ သံသယရှိကြောင်း အင်ဒိုသမ္မတပြော

2023.12.09
လူမှောင်ခိုကြောင့် ရိုဟင်ဂျာတွေ ပိုရောက်တာ သံသယရှိကြောင်း အင်ဒိုသမ္မတပြော အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကို တွေ့ရစဉ်။
AFP
အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည်တွေ အရောက်များလာတာဟာ လူကုန်ကူးတဲ့အဖွဲ့တွေ နောက်ကွယ်မှာ စီစဉ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့အကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဒီဇင်ဘာလ ၈ ရက်နေ့က ပြောလိုက်ပါတယ်။
 
ဒါကြောင့် အင်ဒိုနီးရှား အစိုးရအနေနဲ့ လူကုန်ကူးသမားတွေကို ကြပ်ကြပ်မတ်မတ် အရေးယူသွားမယ်လို့လည်း သမ္မတ ဂျိုကို ဝီဒိုဒိုက မနေ့ကကျင်းပတဲ့ သတင်းစာရှင်လင်းပွဲမှာ ကတိပေး ပြောဆိုတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
 
အင်ဒိုနီးရှား အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို ယာယီ အကူအညီတွေ ပေးသွားမှာဖြစ်ပေမယ့် ဒေသခံပြည်သူတွေရဲ့  အကျိုးစီးပွားကို ဦးစားပေး ဆုံးဖြတ်သွားမယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်ဖို့ မိုင်ပေါင်း ၁၁၀၀ ကျော်လောက်ဝေးတဲ့ ပင်လယ်ခရီးကို အသက်စွန့် ဖြတ်သန်းပြီး ရောက်နေကြတာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာ တစ်ထောင်ကျော်လောက်အထိရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်း အများဆုံး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နောက်ဆုံး ရောက်လာတဲ့လှေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၃၉ ဦး ပါဝင်ပါတယ်။ ဒီရက်ပိုင်းမှာပဲ ရိုဟင်ဂျာတွေကို လက်မခံတဲ့အကြောင်း အာချေးဒေသခံ တစ်ရာလောက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
 
သူတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေကို တခြားတစ်နေရာကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့ကြပြီး ပင်လယ်ထဲကို ပြန်ပို့မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ကြတယ်လို့  AFP သတင်းမှာ ဖော်ပြပါတယ်။
 
အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ရိုဟင်ဂျာ ဒုက္ခသည် သုံးဆယ်လောက်ကို အာချေးပြည်နယ် ဒုက္ခသည် စခန်းထဲကနေ ထွက်ခွာဖို့ ကူညီခဲ့တဲ့အတွက် ဒေသခံ သုံးဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးထားတယ်လို့လည်း AFP သတင်းက ဖော်ပြပါတယ်။
 
ဖမ်းဆီးခံထားရသူတွေဟာ ရိုဟင်ဂျာတစ်ယောက်ကို ဒေါ်လာ နှစ်ဆယ်လောက်နဲ့ညီတဲ့ ရူပြားငွေ သုံးသိန်းစီယူပြီး ရိုဟင်ဂျာတွေကို စူမားတြားကျွန်းရဲ့  အခြားတစ်နေရာကို ခေါ်သွားပေးဖို့ ကူညီခဲ့တယ်လို့ အာချေးပြည်နယ် ရဲချုပ်က ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။