အထူးကိုယ်စားလှယ် နှစ်ဖက်လုံးနဲ့တွေ့ရဖို့လိုကြောင်း အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းပြော

RFA Burmese
2023.02.10
အထူးကိုယ်စားလှယ် နှစ်ဖက်လုံးနဲ့တွေ့ရဖို့လိုကြောင်း အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းပြော ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ဂျကာတာမြို့တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တွေ့ရသည့် အင်ဒိုနီးရှားဒုတိယဗိုလ်ချုပ်ကြီး အာဂုစ် ဝီဂျိုယို။
AFP

အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတအနေနဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို မြန်မာပြည်အတွက် အထူးကိုယ်စားလှယ်အနေနဲ့ခန့်ပြီး စေလွှတ်မယ်ဆိုရင် စစ်ကောင်စီဘက်ရော ဒီမိုကရေစီဘက်ပါ အဖွဲ့အားလုံးနဲ့တွေ့ရမှဖြစ်လိမ့်မယ်လို့ အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး အာဂုစ် ဝီဂျိုယို (Agus Widjojo) က RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ ဘနားနယူးစ်ကို ပြောလိုက်ပါတယ်။

စစ်ကောင်စီဘက်သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်တပ်အာဏာ သိမ်းပြီးဖယ်ရှားခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ရဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။

တစ်ဖက်တည်းနဲ့တွေ့လို့ အဖြေရမှာမဟုတ်ဘူးလို့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ်က ထောက်ပြပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေးပြေလည်ဖို့အတွက် ဗိုလ်ချုပ်ကြီးတစ်ယောက်ကို အထူးကိုယ်စားလှယ်အနေနဲ့လွှတ်မယ်လို့ပြောလိုက်တဲ့အတွက် ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ် ဝီဂျိုယိုရဲ့ သဘောထားကို ဘနားသတင်းဌာနကမေးမြန်းလို့ အခုလိုပြောဆိုတာ ဖြစ်ပါတယ်။

သူဟာ တစ်ချိန်က မြန်မာ့အရေးမှာ ၂၀၀၇ ကနေ ၂၀၁၁ ခုနှစ်အတွင်း ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီအပြင် အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ချိန်က အရေးပါခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။