မဟုတ်မမှန် ရေးသားနေသူတွေကို စက်မှုဝန်ကြီးဌာနက အရေးယူမည်


2017.05.04

စက်မှုဝန်ကြီးဌာနအတွင်း အရာထမ်း ၂၂ ဦး အပြောင်းအရွှေ့လုပ်တာနဲ့ ပတ်သက်ပြီး မဟုတ်မမှန် အင်တာနက် မှာ ရေးသားနေတဲ့သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သလို အကောင့်ပိုင်ရှင်ဖြစ်တဲ့ Aung N Htwe ခေါ် ဂိုရှယ်လေးဆိုသူ အကောင့်မှာ ရေးသားထား တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စက်မှုဝန်ကြီးဌာနတွင်း လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းတွေ အပြောင်းအရွေ့လုပ်တာဖြစ်ပြီး လူမှုကွန်ရက် မှာ ရေးသားဖော်ပြထားသလို မဟုတ်တဲ့အတွက် ထိခိုက်နစ်နာစေအောင် ရေးသားသူ အပါအဝင် ပတ်သက်နေ တဲ့သူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြော ပါတယ်။

"ဝန်ထမ်း ၂၂ ဦး ရွှေ့တယ်ဆိုတာက လုပ်ငန်းလိုအပ်ချက်အရ ရွှေ့တာပါ၊ တခြားအကြောင်းအရာတွေ မရှိပါဘူး။ ဒါတွေက ကိုယ့်ဘာသာကိုယ် တစ်ဖက်သက်စွဲပြီးပြောလို့ရတာတွေ အများကြီးရှိပါတယ်။ အွန်လိုင်းတွေမှာရေး တာက ကိုယ်ရေးချင်သလို အများကြီးရေးလို့ရတာပေါ့။ ဒီလိုမျိုးဟာတွေက မဟုတ်မမှန်ရေးတာဆိုရင်တော့ ကျနော်တို့ကတော့ စိစစ်ပြီးတော့ ကျနော်တို့ဘက်က ထိုက်သင့်တဲ့ တုန့်ပြန်မှုလေးတွေ ဆက်လက်လုပ်ဆောင် သွားဖို့ လိုမှာပေါ့၊ ဒါကတော့ သက်ဆိုင်ရာ တည်ဆဲဥပဒေများနဲ့ အညီ သွားရမှာဖြစ်ပါတယ်"

Aung N Htwe (ဂိုရှယ်လေး) အမည်နဲ့ လူမှုကွန်ရက်အသုံးပြုသူက " စက်မှုဝန်ကြီးနှင့် ခြစားမှု အရှုပ်တော်ပုံ ကို ဖေါ်လိုက်ပြီ(ယခုအစိုးရ)"  ဆိုတဲ့ခေါင်းစဉ်နဲ့ စက်မှုဝန်ကြီးဌာနတွင်းက ဝန်ထမ်း တစ်ဦးက ရာထူးတိုးမြှင့်ပေးဖို့ နဲ့ သူ့အထက်က အရာရှိ (၂ဝ) ဦးကို နေရာ၊ ဌာနတွေ ပြောင်းရွေ့ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနဲ့ ဇနီးကို လာဘ်ပေးပြီး ဆောင်ရွက်ခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်မှာ  ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်ရဲ့ လျှို့ဝှက်စာရွက်စာတမ်း၊ အချက်အလက်တွေကို ပေါက်ကြား တာဖြစ်တာကြောင့် ပါဝင်ပတ်သက်သူတွေကို အဆင့်ဆင့်ဖော်ထုတ်ပြီး တရားဥပဒေအရ  အရေးယူဆောင် ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။