စက်မှုဇုန်တွေကို မီးဖြတ်ပြီ


2013.05.09
electric_generator_boy_305_z.jpg ရန်ကုန်မြို့တွင် လျှပ်စစ်ဂျင်နရေတာကို စက်နှိုးနေသော ကလေးတစ်ဦးပုံ
Photo: AFP

စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စက်မှုဇုန်အားလုံးကို အခုအပတ်ကစပြီး ရက်အကန့်အသတ်မရှိ လျှပ်စစ်ဓာတ်အားပေးဝေမှု ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အခုလို ရပ်ဆိုင်းလိုက်တဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ၄ ဆနီးပါးခန့် ပိုမိုမြင့်မားလာနိုင်တယ်လို့ ရွှေယမုံအအေးခန်းစက်ရုံ ဦးဆောင်ညွှန်ကြားရေးမှူး ဦးထွန်းအေးက ပြောပါတယ်။

"ရေလုပ်ငန်းက လျှပ်စစ်မီးမလာတာက တော်တော်အကျပ်ရိုက်တာဗျ၊ ထုတ်လုပ်မှုစားရိတ်က လေးဆလောက် တက်သွားတယ်၊ လျှပ်စစ်မီးနဲ့ဆီ သုံးရတာက လေးဆတစ်ဆလောက်ကွာတာကို၊ လုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတွေ ဆွေးနွေးပြီး ဒါကိုအဖြေရှာသင့်တယ်"

ရန်ကုန်မြို့တော်၊ လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့က အတွင်းရေးမှုး  ဦးမောင်မောင်လတ်ကတော့ အခုလိုစက်မှုဇုန်တွေကို မီးဖြတ်ရတာဟာ ရပ်ကွက်တွေကို အဓိကထား ဓာတ်အားပေးနိုင်ရေးအတွက် ဖြစ်တယ်လို့ ပြောပါတယ်။

"အခုက ရေအားလည်းနည်းလာတယ်၊ နေပူတော့ ပြည်သူတွေက သုံးစွဲတာများလာတယ်၊ ဝန်အားတွေများလာတော့ သုံးစွဲတာနဲ့ ထုတ်လုပ်တာမမျှလို့ အများပြည်သူတွေ ဦးစားပေးပြီး မီးအားသုံးစွဲနိုင်အောင် စက်မှုဇုန်တွေကို ခဏရပ်ထားတာ၊ လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရင်တော့ ပေးနိုင်မှာပါ"

စက်မှုဇုန်တွေမှာ ၂၄ နာရီလုံးမီးပြတ်တာဟာ အခုဆိုရင် ဒီနှစ်ထဲမှာ သုံးကြိမ်မြောက်ဖြစ်ပြီး မတ်လနဲ့ ဧပြီလတုန်းကလည်း အခုလို မီးဖြတ်ခဲ့ဖူးတယ်လို့သိရပါတယ်။ ဒါပေမယ့် ယခင်နှစ်ကြိမ် မီးဖြတ်စဉ်က ရက်ကန့်သတ်ပြီး ထုတ်ဖော်ကြေညာခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ရက်အကန့်အသတ်မရှိဖူးလို့ သိရပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။