မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မည်


2017.12.03
yangon-land-622.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေယာတချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့က မနေ့က တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တေ့ွဆုံစဉ် ပြောကြားလိုက်ပါတယ်။

မြို့နေလူတန်းစားနဲ့ တောနေလူတန်းစား မျှတမှုရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စက်မှုဇုန်တွေ အကောင် အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြောင်း မနေ့က တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ သုံးခွမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း က ပြောပါတယ်။

"တောမှာရှိတဲ့ လူတန်းစားနဲ့ မြို့မှာရှိတဲ့လူတန်းစားနဲ့ ညီမျှဖို့အတွက် စက်မှုဇုန်တွေ ဖော်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့လေ၊ စက်မှုဇုန်က ရိုးရိုးသာမန်စက်မှုဇုန်မဟုတ်ဘူး၊ နိုင်ငံတကာရင်းနှီးမြှုပ်နံှမှုတွေကို ဖိတ်ခေါ်ရမှာဖြစ်တယ်၊ ဒါမှသာလျှင် အခွန်အခလည်း တို့ကရမယ်၊ လူတွေကလည်း ရန်ကုန်မြို့ကို သွားပြီး အလုပ်လုပ်စရာမလိုတော့ဘူး၊ တို့မြို့နယ်မှာတင် အလုပ်လုပ်လို့ရပြီ၊ အဲလိုမလိုတော့ဘူးဆိုရင် ရန်ကုန်မြို့ကြီးရဲ့ ပျက်စီးမှု၊ သိပ်သည်းမှုကိုလည်း လျှော့ချလို့ရပြီ၊ လမ်းတွေသိပ်သည်းမှုကိုလည်း လျှော့ ချလို့ရပြီ၊ အင်မတန်ကောင်းတဲ့အလုပ်ပဲ၊ အဲဒါကြောင့် စက်မှုဇုန်တွေကို ဝန်ကြီးချုပ်ကြီးက ဖော်ဆောင် တယ်လို့ အစ်ကိုတို့က ထင်တယ်"

ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြို့နယ် ၁၁ မြို့နယ်ရဲ့ မြေဧက တစ်ထောင်စီမှာ စက်မှုဇုန်တွေ တည်ထောင်မှာဖြစ်ပြီး အဲဒီအစီအစဉ်ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေး တာဝန် ရှိသူတွေကို တိုင်းအစိုးရအဖွဲ့ရုံးမှာ မနေ့က ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင်နဲ့ လှည်းကူး စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေကနေ ရရှိလာမယ့် အခွန်အခတွေကို သက်ဆိုင်ရာ မြို့နယ်ရဲ့ လိုအပ်တဲ့နေရာတွေမှာ ပြန်လည် အသုံးပြုမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စား လှယ်တွေ က ပြောပါတယ်။

အဲဒီစက်မှုဇုန်တွေအတွက် စိုက်ပျိုးရေးဖြစ်ထွန်းမှုနည်းပါးတဲ့နေရာ၊ ရေ နဲ့ လျှပ်စစ်မီးရရှိပြီး ဆက်သွယ်ရေး ကောင်း မယ့်နေရာ စတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ မြေဧက ၁ ထောင်စီကို မြို့နယ်တိုင်းက ရှာဖွေပြီး တိုင်းအစိုးရအဖွဲ့ ကို ပြန်လည်တင်ပြပေးရမှာ ဖြစ်ပါတယ်။

အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့နေရာမှာ မြေပိုင်ရှင်ရှိနေမယ်ဆိုရင် မြေဧကအလိုက် အစိုးရက သတ်မှတ်ထားတဲ့ တန်ကြေးပေးမှာဖြစ်တယ်လို့ ဦးနေဝင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။