မြန်မာ့စီးပွားရေး အားနည်းနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ပြော

2022.09.27
မြန်မာ့စီးပွားရေး အားနည်းနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ပြော ၂ဝ၂၁ ခုနှစ် ဧပြီလ ၁လရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပိုရင်လှူ လိုရင်ယူ အစီအစဉ်ဖြင့် စားသောက်ကုန်များ မျှဝေလှူဒါန်းစဉ်။
Photo: RFA

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံအများစုက စီးပွားရေးနာလန်ထူတော့မယ့်အချိန်မှာ မြန်မာနိုင်ငံကတော့ ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် စီးပွားရေးတိုးတက်မှုဟာ ဆက်ပြီး အားနည်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုတွေနဲ့ စစ်ကောင်စီအကြား ပဋိပက္ခတွေကြောင့် ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝယ်လိုအားကို ထိခိုက်နေသလို၊ ငွေကြေးဖောင်းပွမှုနဲ့ ဆိုးရွားလာနေတဲ့ ပြင်ပက ဖိအားတွေကြောင့် မြန်မာ့စီးပွားရေးဟာ ဆက်ပြီးအားနည်းနေမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် Aaditya Mattoo က Bloomberg သတင်းဌာနကို ပြောလိုက်တာပါ။

မနှစ်က ၂ဝ၂၁ မှာ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းအထိထိုးကျခဲ့ပြီး၊ ဒီနှစ်မှာ ၃ ရာခိုင်နှုန်းလောက် ပြန်တက်လာနိုင်ပေမယ့် ကုန်ထုတ်လုပ်မှုနဲ့ ဆောက်လုပ်ရေးလို တချို့စီးပွားရေးအပိုင်းတွေမှာ ဆိုးဆိုးရွားရွား အထိနာခဲ့တာကြောင့် ကမ္ဘာ့ဘဏ်အနေနဲ့ နောက်နှစ်အတွက် မြန်မာ့စီးပွားရေးသုံးသပ်ချက်ကို မထုတ်ပြန်ဘူးလို့လည်း ပြောပါတယ်။

မနှစ်က မြန်မာကျပ်ငွေတန်ဖိုး သုံးပုံ-တစ်ပုံကျော် ထိုးကျခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ နိုင်ငံခြားငွေလိုအပ်ချက်နဲ့ ရင်ဆိုင်လာရတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ပုံသေ သတ်မှတ်လိုက်ပါတယ်။

၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့အရေးယူဒဏ်ခတ်မှုတွေကြား နိုင်ငံခြားအရန်ငွေကြေး လျော့နည်းတာ၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာတွေကြောင့် မကြာခဏ မီးပျက်တာ၊ ကုန်ပစ္စည်းရှားပါးတာတွေနဲ့အတူ စီးပွားရေးနာလန်ထူမှုမှာ ထိခိုက်နေတာဖြစ်ပါတယ်။

ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်လာပြီး စားသောက်ကုန်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းတက်မှုတွေအပြင် မိသားစုဝင်ငွေတွေပါ ထိခိုက်လာနေတယ်လို့လည်း ကမ္ဘာ့ဘဏ်အရာရှိက ပြောပါတယ်။

ကုန်ထုတ်လုပ်မှုနဲ့ ဆောက်လုပ်ရေးမှာ အနည်းငယ် ပြန်အသက်ဝင်လာပေမယ့် စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်ပြီး၊ မြန်မာ့စီးပွားရေး တစ်ခုလုံးအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရဆဲပဲလို့လည်း ပြောပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ သယ်ယူပို့ဆောင်ရေးကဏ္ဍက အကန့်အသတ်တွေနဲ့ ကမ္ဘာ့လောင်စာဆီဈေး ဆက်ပြီး မြင့်တက်နေတဲ့အခြေအနေတွေကြောင့် ကုန်ဈေးနှုန်းကလည်း ဆက်ပြီးတက်နေဦးမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်ကို အာဏာပိုင်တွေ ထိန်းချုပ်တဲ့ကိစ္စဟာ လတ်တလော ပြင်ပဖိအားတွေကနေ သက်သာရာ ရနိုင်ပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့လည်း ပြောပါတယ်။ နိုင်ငံခြားငွေ လဲလှယ်မှု ပြဿနာကြောင့် အရေးကြီးတဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေနဲ့ ကုန်စည်ပြတ်လပ်မှုတွေ ကြုံရနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။