ကရင်နီလူငယ် ခြောက်ယောက်ကို အမှုရင်ဆိုင်ဖို့ အကြောင်းကြား


2019.05.20
six-kareni-youth-622.jpg နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု/ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ အမှုဖွင့်ခံထားရတဲ့ ကရင်နီလူငယ် ခြောက်ယောက်ကို တွေ့ရစဉ်
Photo: PKPF - Information Center

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ ကရင်နီလူငယ် ခြောက်ယောက်ကို ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုလာရင်ဆိုင်ဖို့ ဒီနေ့အကြောင်းကြားလာတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက မြို့မရဲစခန်းဘက်က ဖုန်းနဲ့အကြောင်းကြားလာတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ကရင်နီ လူငယ် ခြောက်ယောက်ရဲ့နေအိမ်တွေမှာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက သွားရောက်ရှာဖွေခဲ့တယ်လို့ အမှုဖွင့်ခံထားရသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခွန်းမျိုးလှိုင်ဝင်း က RFA ကို ပြောပါတယ်။

လူငယ်တွေဘက်ကတော့ လတ်တလောမှာ တစ်ယောက်တစ်နေရာစီမှာ ရှိနေတဲ့အတွက် အမှုသွားရင်ဆိုင်ဖို့ လူစုနေရကြောင်းနဲ့ မကြာခင်မှာ ရဲစခန်းကို သွားရောက်ပြီး အမှုရင်ဆိုင်မယ်လို့လည်း ခွန်းမျိုးလှိုင်ဝင်း က ဆိုပါတယ်။

အဲဒီလူငယ် ခြောက်ယောက်ကို ကယားပြည်နယ်အစိုးရ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင် က တရားလို လုပ်ပြီးဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေ၊ တိုင်းရင်းသားချစ်ကြည်သွေးစည်းရေးရဲ့ ရန်သူတွေ၊ ကျေးဇူးကန်းသူတွေဖြစ်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်နီလူငယ် ခြောက်ယောက် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့စာကြောင့် တရားစွဲဆိုထားတယ်လို့ လတ်တလောသိထားရကြောင်းလည်း ခွန်းမျိုးလှိုင်ဝင်း က ဆိုပါတယ်။

ဒါ့အပြင် လူငယ် ခြောက်ယောက်ရဲ့ ဖုန်းနံပါတ်နဲ့ ဖုန်းလိုင်းတွေကိုလည်း စောင့်ကြည့်နားထောင်နေကြာင်း ကနဦး သတင်းရရှိတယ်ဆိုပြီးလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု Facebook Page ကနေ ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။