ကျောင်းပြင်ပ ပညာရေး အတွက် စစ်တွေပြင်ဆင်


2016.07.28
rakhine-education-office-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်နယ်ပညာရေးမှူးရုံးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အလယ်တန်းအဆင့် ကျောင်းပြင်ပ ပညာရေးစနစ်ကို လာမယ့် သြဂုတ်လကနေ စတင်သင်ကြားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒီအစီအစဉ်အရ စစ်တွေမြို့မှာ ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးကို ဆရာ၊ ဆရာမ ၅ ဦးက သင်ကြားပေးသွား မှာ ဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးဆန်းဝင်းကျော် က ပြောပါတယ်။

"ကျောင်းပြင်ပ မူလတန်းပညာရေး၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး တိုးချဲ့ပြီး ဖွင့်လှစ်လာတာတွေ့ရပါ တယ်၊ စစ်တွေမြို့နယ်မှာကျတော့ ကျောင်းပြင်ပ အလယ်တန်းပညာရေးကို စခန်းနှစ်ခုအနေနဲ့ တိုးချဲ့ပြီးတော့ လျာထားတာရှိပါတယ်၊ အဲ့ဒီအထဲမှာ ကျောင်းသားကျောင်းသူက ၃၃ ဦးရှိပြီးတော့မှ ဆရာ ဆရာမ ငါးဦးနဲ့ ၂ဝ၁၆-၁၇ ပညာသင်နှစ်မှာပဲ ကျောင်းပြင်ပ အလယ်တန်းပညာရေးကို တိုးချဲ့ပြီး ဖွင့်လှစ်သွားမယ်၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနကနေပြီးတော့မှ ကျနော်တို့ကို ညွှန်ကြားထားတာရှိပါတယ်"

စစ်တွေမြို့ မင်းဂံနဲ့ မှန်ဇီတိုးချဲ့ရပ်ကွက်တွေက မူလတန်းကျောင်းနှစ်ခုမှာ ဖွင့်လှစ်သင်ကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် ကချင်၊ ကယား၊ မွန်၊ ရန်ကုန် စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုက မြို့နယ်ပေါင်း ၆ ခုမှာ အခုနှစ်ကနေစတင်ပြီး အလယ်တန်းအဆင့် ကျောင်းပြင်ပပညာရေးကို တိုးမြှင့်လိုက် တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁ဝ ခုမှာ အခုနှစ်အတွင်း မူလတန်းအဆင့် ကျောင်းပြင်ပ ပညာရေးကို သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၆၇ဝ ကျော်ရှိပြီး အစိုးရဝန်ထမ်းမဟုတ်တဲ့ အထူးလေ့ကျင့်ထားတဲ့ သင်ကြားရေး ဆရာ၊ ဆရာမပေါင်း ၆ဝ ကျော်က သင်ကြားပေးနေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅-၁၆ ပညာသင်နှစ်အတွက် စစ်တွေမြို့မှာနေထိုင်တဲ့ မောင်ကျော်ဇော်မိုးဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအဖြစ် ကျောင်းပြင်ပ ပညာရေးနဲ့ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။