မီးလောင်ဒဏ်ရာရ သံဃာတော် ဆေးကုသ ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတဲ့ သံဃာတော်တွေထဲက ဆရာတော်ဦးသိက္ခဉာဏဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဒီကနေ့ ညနေ ၄ နာရီခွဲက ဆေးဝါး ကုသဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

2012.12.13
monks-305.jpg လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ ဆရာတော် ဦးသိက္ခဉာဏကို ထိုင်းနိုင်ငံမှာ ဆေးကုသဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သယ်ဆောင်သွားနေစဉ်
Photo: RFA

မန္တလေးဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ဒဏ်ရာဆိုးဝါးတဲ့ သံဃာတော်တွေထဲက သံဃာတော် ၅ပါးဟာ ထိုင်းနိုင်ငံကို ဆေးဝါးကုသဖို့ စီစဉ်နေကြပြီး၊ အဲ့ဒီအထဲကမှ ဆရာတော်ဦးသိက္ခဉာဏက ပထမဆုံး ဘန်ကောက်ဆေးရုံကို ထွက်ခွာသွားတဲ့ သံဃာတော်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူဖို့အတွက် အာမခံငွေ ဘတ်တစ်သန်း ပေးသွင်းရမှာဖြစ်ပြီး ကုန်ကျစရိတ်တွေအတွက် လက်ပံတောင်းတောင်အရေး စုံစမ်းရေးကော်မရှင်၊  လူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ စေတနာရှင်တွေက လှူဒါန်းကြတယ်လို့ ဆရာတော်ဦးသိက္ခဉာဏရဲ့သားဖြစ်တဲ့ ဒေါက်တာနေသူရိန်က RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသဖို့အတွက် ဆရာတော် ဦးသိက္ခဉာဏနဲ့အတူ သားဖြစ်သူ ဒေါက်တာနေသူရိန်၊ သမီးဖြစ်သူ ဒေါ်မေသန္တာခိုင်၊ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းတို့ လိုက်ပါသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ဦးသိက္ခဉာဏကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ စမ်းချောင်းကိုကိုကြီး၊ ကိုဗသက်အောင်၊ ကိုပြုံးချိုနဲ့ မုံရွာမြို့နယ် ဗကသအဖွဲ့ဝင်တချို့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို  လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။