အင်းလေးဒေသက PDF ရှစ်ဦးဖမ်းဆီးခံရ
2023.01.08

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်အကြာမှာ ဖမ်းဆီးခံလိုက်ရတာပါ။ စစ်ကောင်စီကလည်း PDF ရှစ်ဦး ဖမ်းဆီး ရမိတယ်လို့ ဇန်နဝါရီလ ၇ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဦးဇဝန၊ ကိုသားငယ်၊ ဦးဇော်ဇော်အောင်၊ ဦးအိုက်ရွန်၊ ဒေါ်တင်တင်ညို၊ ကိုမင်းမင်းဦး၊ ကိုဇော်မျိုးအောင်နဲ့ ကိုဇွဲညီထွန်း တို့ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PDF တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခံရပြီးနောက် ဆက်တိုက် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၃ ရက်ကတော့ ညောင်ရွှေမြို့နယ်၊ လုံကန်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မိနစ်လေးဆယ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က သုံးဦးသေဆုံးခဲ့ပြီး၊ လက်လုပ်သေနတ်၊ AK-47၊ M-4သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ PDF တွေကို ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေပြီး ဇန်နဝါရီလ ၇ ရက်အထိ ၁၃၂၇၂ ဦးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ပါတယ်။