မော်လမြိုင်မြို့ မုပွန်ရဲစခန်းက အချုပ်သားတချို့ သေနတ်လုထွက်ပြေး
2024.04.17

မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းရဲ့ အချုပ်မှာဖမ်းဆီးထားတဲ့ အချုပ်သားသုံးဦးက ဧပြီလ ၁၇ ရက်နေ့မှာ အချုပ်ခန်းကိုဖောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့သေနတ်ကို လုယူထွက်ပြေးသွားတယ်လို့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။
သေနတ်လုထွက်ပြေးမှုမှာ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“အချုပ်ကျတရားခံတွေပေါ့နော်။ အဲဒီလူတွေက ရဲဆီက သေနတ်လုပြီးထွက်ပြေးတာ။ ပစ်ကြ ခတ်ကြတယ်လို့တော့ သိထားတယ်။ ထွက်ပြေးတဲ့သူတွေအထဲက တစ်ယောက်ပြန်အဖမ်းခံရတယ်လို့လည်း ကြားတယ်။ အထဲမှာ ဘာဖြစ်နေသလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူး”
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
အချုပ်သားတွေ ထွက်ပြေးမှုအပြီး မော်လမြိုင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းကားတွေ ရဲစခန်းထဲဝင်သွားပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးထားတဲ့ အချုပ်သားလေးဦး ထွက်ပြေးခဲ့ပြီး တစ်ဦးပြန်ဖမ်းမိခဲ့ပါတယ်။