အိမ်အကူ ညှဉ်းပန်းသူ တစ်ဦး ထပ်မိ၊ အမှုတွေ ထပ်ဖွင့်လိုက်ပြီ


2016.09.23
innwa-owner-620.jpg အိမ်အကူမိန်းကလေးငယ်များအား ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ကိုရာဇာထွန်းကို တွေ့ရစဉ်
Photo: Yangon Police

ကျောက်တံတားမြို့နယ်မှာ အိမ်အကူမိန်းကလေးငယ်များအား ညှဉ်းပန်း နှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့တဲ့ အတွက်  ရဲတပ်ဖွဲ့က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူ ဆောင်ရွက်နေ တဲ့  ပြစ်မှုမှာ ပါဝင်ကျူးလွန်သူ ကိုရာဇာထွန်း၊ (၂၅)နှစ်ကို ၂၃ ရက် နေ့လည်မှာ ဖမ်းဆီးရမိခဲ့လို့ ဆက်လက်အရေး ယူနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီအမှုမှာ ညှဉ်းပန်းနှိပ်စက်ခံရသူ အိမ်အကူမိန်းကလေးငယ် ၂ ဦးဖြစ်တဲ့ မစန်းကေခိုင်နှင့် မသဇင်တို့ကို စစ်ဆေး ချက်အရ ပြစ်မှုကျူးလွန်သူ ဒေါ်တင်သူဇာ၊ (၅၉)နှစ်၊ ဦးကိုလတ်၊ (၆၃)နှစ်၊ မစုမွန်လတ်၊ (၂၇)နှစ်၊ ကိုတင်မင်း လတ်၊ (၃၇)နှစ်၊ ကိုရာဇာထွန်း၊(၂၅)နှစ် နဲ့ မသီရိလတ်၊ (၃၄)နှစ်တို့ဟာ မိန်းကလေးငယ် ၂ ဦးကို အပြင်းအထန် နာကျင်ဒဏ်ရာ များရရှိအောင် သစ်သားတုတ်ဖြင့်ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ တံမျက်စည်းရိုးဖြင့်ရိုက်ခြင်း၊ လက်ချောင်းများ လှန်ချိုးခြင်းများပြုလုပ်ခဲ့သည့်အပြင် နေအိမ်မှထွက်သွားခြင်း မပြုနိုင်အောင် မတရားတားဆီးပိတ်ပင်ထားကြောင်း ပေါ်ပေါက်တဲ့အတွက် စက်တင်ဘာ ၂၂  ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ အရ ထပ်မံ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အလားတူ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးအသက်မွေးပညာသင်ကျောင်း ကျောင်းအုပ်ကြီးကလည်း ပြစ်မှု ကျူးလွန်သူတွေဟာ  မစန်းကေခိုင်နှင့် မသဇင်တို့ကို အိမ်အကူအဖြစ်အဓမ္မစေခိုင်းပြီး ညှဉ်းပန်း နှိပ်စက်ခဲ့၍ ခန္ဓာကိုယ်အနှံ့အပြား ဒဏ်ရာတွေ ရရှိခဲ့ကြတာဟာ မိဘအုပ်ထိန်းခွင့်ရှိသူက လိမ္မာစေရန်ဆုံးမခြင်းမျိုး မဟုတ်ဘဲ ကလေးသူငယ်တွေကို တမင်ညှဉ်းပန်း နှိပ်စက်ခဲ့တာဖြစ်တဲ့အတွက်  ဥပဒေအရ အရေးယူပေးရန် တိုင်တန်း ခဲ့ကြောင်း၊ ဒါကြောင့် ကျောက်တံတား မြို့မရဲစခန်းက ရဲအရေးမပိုင်မှု အမှတ်စဉ် (၄၀/၂၀၁၆)ဖြင့် လက်ခံဆောင် ရွက်ပြီး ကျောက်တံတား မြို့နယ်တရားရုံးကို လျှောက်ထားတင်ပြခဲ့ရာမှာ ပြစ်မှုကြီးအမှု အမှတ် (၁၆၉/၂၀၁၆)ဖြင့် အခု လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က  ၂၃ ရက်နေ့ မနေ့က ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။