အင်းဒင်မှာ တွေ့တဲ့ရုပ်အလောင်းတွေကို စုံစမ်းမယ့်အဖွဲ့ သွားရောက်တူးဖော်
2017.12.19

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိရုပ်အလောင်းတွေ တွေ့ရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် အဖွဲ့တစ်ဖွဲ့ဟာ အင်းဒင်ကျေးရွာကို ဒီကနေ့သွားရောက်ပြီး အလောင်းတွေ ဖော်ယူနေပါတယ်။
နယ်ပယ်စုံက အဖွဲ့ဝင် ၅ ယောက်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အင်းဒင်ကျေးရွာကို လွှတ်လိုက်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော် က ပြောပါတယ်။
"အဲဒီကိစ္စကို ဒီနေ့ မနက်ပဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးတစ်ခုလုပ်ရင်းနဲ့ တရားဝင် အဖွဲ့အစည်း တစ်ဖွဲ့ ဖွဲ့ပြီးတော့ အလောင်းဖော်ဖို့အတွက် လွှတ်လိုက်တယ်၊ မြို့နယ်ဆရာဝန်တွေပါတယ်၊ မှုခင်းဆရာဝန်တွေ၊ နောက်ပြီးတော့ ရဲကပါတယ်၊ တရားသူကြီးပါတယ်၊ စည်ပင်ကပါတယ်၊ ၅ ယောက်နဲ့ တရားဝင်အဖွဲ့ အဖွဲ့ဝင် ၅ ယောက်နဲ့ မြို့နယ်က တာဝန်ပေးပြီးတော့ သွားဖော်ကြတယ်"
အင်းဒင်ကျေးရွာသုဿန်မှာ လူတွေကို သတ်ဖြတ်မြှုပ်နှံထားတယ်လို့ အမည်မဖော်လိုသူတစ်ဦးက သတင်းပေးပို့ တိုင်ကြားလာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကစပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ ARSA အစွန်းရောက် အကြမ်းဖက်သမား တွေရဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာ နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့ရတယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်သွားဖို့ နဲ့ ချိုးဖောက်မှုရှိရင် ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း၊ အင်းဒင်ကျေးရွာကိစ္စမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေ တစ်စုံတရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရင် တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ် လို့လည်း ပါရှိပါတယ်။