မူးယစ်ဆေးဝါးရောင်းဝယ်မှု မနှိမ်နင်းတဲ့အတွက် မြို့ခံများဆန္ဒပြ
2014.09.15

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တားဆီးနှိမ်နှင်းပေးဖို့ ဒေသခံ ၆၀၀နီးပါးက အင်းတော်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းချသူတွေကို သိပေမဲ့ အရေးမယူတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အင်းတော်မြို့ခံ ကိုချမ်းအောင်က ပြောပါတယ်။
"တာဝန်ရှိတဲ့ အဖွဲ့အစည်းကနေပြီးတော့မှ မူးယစ်ကြောင့် ပတ်သက်လာတဲ့ မှုခင်းတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ် ဗျ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းမှုတွေကို ဆိုချင်တာပါခင်ဗျ၊ မူးယစ်ဆေးဝါးရောင်းတဲ့လူတွေက လာတဲ့လမ်းကြောင်းတွေကို သူတို့သိနေပါတယ်၊ ရဲတပ်ဖွဲ့ဆိုတဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက သိနေပါတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ရွာမှာ ဘယ်လိုရောင်းနေတယ်ဆိုတာ သိနေပါတယ်၊ ဒါကိုထိရောက်စွာ မတားဆီးပဲနဲ့ ငွေကြေး အားဖြင့်သော်၎င်း လျစ်လျူရှုတဲ့အပိုင်းတွေ ဒါတွေကို ကျနော်တို့က မခံနိုင်တော့လို့ ဆန္ဒပြကြ တာဖြစ်ပါတယ်"
အင်းတော်မြို့နယ်အတွင်းက လုယက်မှု၊ လူသတ်မှုတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေက ကျူးလွန်တာများတယ် လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။
ဆန္ဒပြပွဲကို အင်းတော်၊ ကသာနဲ့ ဗန်းမောက်မြို့နယ်တွေက မော်လူး၊ မော်တိတ်၊ မဲဇာ၊ သံဘို စတဲ့ကျေးရွာတွေ က ဒေသခံတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။