ဘာသာရေး လှုံ့ဆော်စာ ဖြန့်ဝေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးနေ


2017.09.15

ရပ်ကွက်နေပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်တဲ့စာရွက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် အင်းစိန်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက် အပါအဝင် ၆ ယောက်ကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေ တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် အုပ်ရေးမှူးက ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်စာတွေကို ရာအိမ်မှူးတွေကနေ တစ်ဆင့် ပြည်သူတွေကို ဖြန့်ဝေခဲ့တာကြောင့် အဲဒီရပ်ကွက် အုပ်ချုပ်ရေမှူးနဲ့ ရာအိမ်မှူး ၅ ယောက်ကို စစ်ဆေးနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

"ဖြစ်စဉ်ဖြစ်တဲ့နေ့ ညပိုင်းမှာ ကျနော်တို့က ဒီလုပ်ခဲ့တဲ့ ဘယ်သူတွေလုပ်လဲဆိုတဲ့လူတွေကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နဲ့ အတူတူ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခေါ် ပြီးတော့ မေးမြန်းတာပေါ့။ မေးမြန်းပြီးတော့ သူတို့ကလည်း ဖြစ်စဉ်ကိုပြောပြရင်းနဲ့ သူတို့လည်း ဝန်ခံတယ်၊ ဖြစ်စဉ်ဖြစ်ပြီး နှစ်ရက်လောက်အကြာမှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သူတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတွေကို စတင်လုပ်ဆောင်နေတယ်။"

အဲဒီ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ရပ်ကွက်အတွင်း ဖြန့်ဝေတဲ့စာမှာ  ‘ဂျီဟတ်ကို ဘယ်လိုကာကွယ် မလဲ’ ခေါင်းစဉ်ပေးထားပြီး မွတ်စလင်အိမ်တွေကို သတိထားကြဖို့၊ ဗလီအတက်အဆင်း၊ မွတ်စလင်အဝင်အထွက်၊ ကုန်ပစ္စည်းအဝင်အထွက်တွေကို စောင့်ကြည့်ကြဖို့၊ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ခံပညာသင်ထားကြဖို့၊ အိမ်မှာရှိတဲ့ ဓားတွေကိုလည်း ထက်အောင် သွေးထားကြဖို့ စတာတွေကို ရေးသားထားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့အတွက် အင်းစိန် မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က သူတို့ရဲ့အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ကလည်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံကိုလည်း ထူးခြားဖြစ်စဉ်အနေနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်မယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ကောလာဟလ ဖြန့်ဝေပြီး လှုံ့ဆော်သူတွေကို အရေးယူမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။