အင်းစိန်ထောင် ပေါက်ကွဲမှုမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းထုတ်ခွင့်ရ

2022.10.20
အင်းစိန်ထောင် ပေါက်ကွဲမှုမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းထုတ်ခွင့်ရ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တို့ဘာလ ၁၉ ရက် မနေ့က ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၂၀ ရက် ဒီနေ့မှာ ထုတ်ခွင့်ရခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၉ နာရီကနေစပြီး အင်းစိန်မြို့နယ် ဆေးရုံ၊ ရင်ခွဲရုံကနေ အရပ်သားတွေရဲ့ ရုပ်အလာင်းတွေကို ထုတ်ပေးခဲ့ပြီး ဝန်ထမ်းတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ထုတ်ယူ သွားတာ မရှိသေးဘူးလို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူ ရှစ်ဦးထဲက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင် (ခေါ် ) ကိုဂျိမ်းရဲ့ မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က ထုတ်ခွင့်ရခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

“မနေ့က မနက် ၉ နာရီချိန်းပြီးတော့ ရုပ်အလောင်းလာထုတ်ပါပေါ့။ ၁၂ နာရီကျော် လောက်က အင်းစိန်ဆေးရုံ ရင်ခွဲရုံကနေ ထုတ်ခွင့်ရခဲ့တယ်။ အခုတော့ အိမ်မှာ ရောက်နေပြီ။ ဝန်ထမ်းမိသားစုတွေလည်း တွေ့ခဲ့တယ်။ သူတို့ကတော့ ရုပ်အလောင်း မထုတ်သွားဘူး။ လာထုတ်တဲ့အထဲတော့ အရပ်သားမိသားစုနှစ်စုတော့ တွေ့ခဲ့တယ်”

အသက် ၅၅ နှစ်အရွယ် ဒေါ်ကြီးမြင့်ကိုတော့ မနက်ဖြန် အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီမှာ ကျီစုသုဿာန်မှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုလင်းထက်နိုင် (ခေါ် ) ကိုဂျိမ်းက သေဆုံးသူမိခင်ကို နောက်ဆုံးအကြိမ် ကန်တော့ခွင့်ရဖို့ ထောင်အာဏာပိုင်တွေထံ ခွင့်တောင်းခဲ့ပေမယ့် ကန်တော့ခွင့်မရခဲ့ဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဒါပေမဲ့ သေဆုံးသူအထဲက ၁၀ နှစ်သမီးအရွယ် မယွန်းမီမီကျော်ရဲ့ ဖခင်ဖြစ်သူကတော့ တွေ့ခွင့်ရခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီ မိနစ် ၄၀ အချိန်က အင်းစိန်ထောင်ဂိတ်ဝက အကျဉ်းသားတွေအတွက် ထောင်ဝင်စာ လက်ခံယူတဲ့ ဌာနရဲ့ အတွင်း၊ အပြင် နှစ်ဘက် စလုံးမှာရှိတဲ့ ပါဆယ်ထုတ်တွေထဲက မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး အကျဉ်းဦးစီးဝန်ထမ်း သုံးဦး အပါအဝင် ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။