ကိုဗစ်ကြောင့် အင်းစိန်ဗဟိုအကျဉ်းထောင်ကို လော့ဒေါင်းချ

2021.07.07
ကိုဗစ်ကြောင့် အင်းစိန်ဗဟိုအကျဉ်းထောင်ကို လော့ဒေါင်းချ ရန်ကုန်မြို့က အင်းစိန်အကျဥ်းထောင်ကို ၂၀၂၁ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဥ်
Photo: RFA

မြန်မာနိုင်ငံရဲ့ အကြီးဆုံးအကျဉ်းထောင်ဖြစ်တဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု တွေကို ထိန်းချုပ်ဖို့ ဇူလိုင်လ ၈ ရက် ဒီနေ့ကစလို့ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့အထိ အချိန်နှစ်ပတ်ကြာ လော့ဒေါင်းချလိုက်တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို ဒီနေ့မနက်က ပြောပါတယ်။

အကျဉ်းထောင်ထဲက အကျဉ်းသား၊ အချုပ်သားတွေကို ကိုဗစ်ကူးစက်မှုတွေ မရှိရအောင် ထိန်းချုပ်ဖို့အတွက် အခုလိုလော့ဒေါင်းချလိုက်တာလို့ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က RFA ကို ပြောပါတယ်။

“အဓိကအကြောင်းရင်းက တစ်နိုင်ငံလုံးမှာ အကျဉ်းထောင်တွေထဲမှာ အင်းစိန်အကျဉ်းထောင်တစ်ခုက ကိုဗစ်အကျဉ်းသား၊ အချုပ်သားတွေကိုလည်း လက်ခံရတယ်လေ။ အဲကျတော့ ဒီကာလမှာ ကိုဗစ်ကူးစက်မှု တွေက ပြန်ပြီးတော့ များပြားလာတာပေါ့နော်။ လက်ရှိ တတိယလှိုင်းမှာ ကိုဗစ်ကူးစက်မှုတွေက မြန်လာ တယ်ပေါ့နော်။ ဖြစ်တာတွေလည်းများလာတယ်ပေါ့။ အဲကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် တို့က အကျဉ်းထောင်ပဲလေ။ ကိုဗစ်အတည်ပြုထားသူတွေကို ကုသတဲ့ဆေးရုံကြီးတော့ မဟုတ်ဘူးပေါ့။ အဲကျတော့ ကျွန်တော်တို့က ဒီပြောရမယ်ဆိုလို့ရှိရင် အကျဉ်းသား၊ အချုပ်သားတွေကထဲက တော်ရုံတန်ရုံ ကိုဗစ်အတည်ပြုထားသူလောက်ကိုပဲ ကျွန်တော်တို့က ထိန်းချုပ်တဲ့အနေနဲ့ ကုသပေးတာပေါ့နော်။ အဲကျ တော့ အခုများလာတဲ့အချိန်ကျတော့ လာအပ်တဲ့သူတွေကလည်း ကိုဗစ်အတည်ပြုထားသူတွေ များလာ တဲ့အခါကျတော့ မလိုလားအပ်ဘဲနဲ့ပေါ့ သူတို့ဆီကနေပြီးတော့မှ အကျဉ်းထောင်ထဲမှာရှိတဲ့ ထောင်နဲ့ချီတဲ့ အကျဉ်းသား၊ အချုပ်သားတွေကို ကူးစက်သွားမှာကို ကျွန်တော်တို့က မလိုလားဘူးပေါ့နော်။ မလိုလားဘူး ဆိုတော့ ကျွန်တော်တို့က ထိန်းချုပ်ဖို့အတွက် အခုလို လော့ဒေါင်းချလိုက်တာ”

အကျဉ်းထောင်ထဲက သီးသန့်တရားရုံးတွေအပါအဝင် ထောင်ဝင်စာတွေ့တာတွေကိုလည်း ယာယီဆိုင်းငံ့ထား မယ်လို့ ပြောပါတယ်။

အလားတူ ဒေသတွင်းမှာ ကိုဗစ်ကူးစက်မှုတွေများနေတာကြောင့် တောင်ငူအကျဉ်းထောင်နဲ့ မြောင်းမြအကျဉ်း ထောင်ကိုလည်း အခုလိုပဲ လော့ဒေါင်းချထားတယ်လို့လည်းဆိုပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်ထဲမှာ အကျဉ်းသား၊ အချုပ်သားတွေအပေါ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိသ လားလို့ အကျဉ်းဦးစီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်ကို RFA က မေးမြန်းခဲ့ရာမှာ ကူးစက်မှုတွေ မရှိဘူးလို့ သူကဆိုပါတယ်။

ဒီအတွင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုတွေများလာနေတဲ့ အင်းစိန်မြို့နယ် အပါအဝင် ရန်ကုန်တိုင်းက မြို့နယ် ၁၀ ခု၊ မွန်ပြည်နယ်က မြို့နယ် သုံးခု၊ မကွေးတိုင်းက မြို့နယ်တစ်ခု စုစုပေါင်းမြို့နယ် ၁၄ ခုကို ဒီနေ့ ဇူလိုင်လ ၈ ရက် မနက် ၄ နာရီအချိန်ကနေစလို့ နေအိမ်မှာ နေထိုင်ရေး(Stay at Home) အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီမြို့နယ်တွေကတော့ ရန်ကုန်တိုင်းမှာဆိုရင် အင်းစိန်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်း၊ မရမ်းကုန်း စတဲ့မြို့နယ်တွေဖြစ်ပါတယ်။ မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံမြို့နယ်တွေနဲ့ မကွေးတိုင်းမှာဆိုရင် ဂန့်ဂေါမြို့နယ်တို့ ဖြစ်ပါတယ်။

အမိန့်ကိုလိုက်နာဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေတွေနဲ့အရေးယူသွားမယ်လို့လည်း အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေများခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံနဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် တွေကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က နေအိမ်မှာနေထိုင်ရေး(Stay at Home) အမိန့်ကို ပထမဆုံးထုတ်ပြန် ခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံတစ်ဝန်းမှာ နေအိမ်မှာနေထိုင်ရေး(Stay at Home) အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၄၅ မြို့နယ်အထိရှိလာနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဇူလိုင်လ ၇ ရက် မနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက်တွေအရ အချိန် ၂၄ နာရီအတွင်း တို့ဖတ်နမူနာပေါင်း ၁၄၆၇၈ ဦးစစ်ဆေးရာမှာ ၃၉၄၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူကလည်း ၅၇ ဦးရှိခဲ့ပါတယ်။

ဒါဟာ ပိုးတွေ့မှုရာခိုင်နှုန်း ၂၆ ဒဿမ ၈၉ ရာခိုင်နှုန်းနဲ့ သေဆုံးမှုကလည်း ၂ ဒဿမ ၀၃ ရာခိုင်နှုန်းအထိ ရှိလာနေတာလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက သူရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ မနေ့ကအထိဆိုရင် ကိုဗစ်အတည်ပြုလူနာပေါင်း ၁၇၅၉၂၃ ဦးနဲ့ သေဆုံးသူပေါင်း ၃၅၇၀ ဦးအထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။