ကော့သောင်းမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာအများစု မောင်တောကိုပြန်ပို့

နေမျိုးထွန်း
2020.01.16
muslim-flee-622.jpg ကော့သောင်းမြို့ကနေ ဖမ်းမိခဲ့တဲ့ မွတ်စလင်တွေ စစ်တွေမြို့ကို ၂၀၂၀၊ ဇန်နဝါရီ ၁၃ ရက်နေ့က ပြန်လည်ရောက်ရှိလာစဉ်
ဓါတ်ပုံ - Min Thein Aung/ RFA

ရိုဟင်ဂျာ မွတ်ဆလင် ၁၇၂ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က  ကော့သောင်းမြို့အနီး ဇာဒတ်ကြီးကျွန်းကနေ ရခိုင် ပြည်နယ်ကို တပ်မတော်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စစ်တွေကမ်းခြေကို ရောက်ရှိခဲ့ပြီး အဲဒီထဲက ၁၇ ဦးဟာ စစ်တွေမြို့နယ် သဲချောင်းနဲ့ ဒါးပိုင်ကျေးရွာတွေက ဖြစ်တာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတဆင့်  မိသားစုတွေဆီ ပြန်လည် အပ်နှံခဲ့ပါတယ်။

ကျန်ရှိနေတဲ့ မွတ်ဆလင် ၁၅၅ ဦးကို ဒေသတွင်းနေထိုင်သူတွေ ဟုတ် မဟုတ် မောင်တောခရိုင် ငါးခူရပြန်လည် လက်ခံရေးစခန်းမှာ စစ်ဆေးနေရာမှာ ၂၉ ဦးဟာ  မောင်တောခရိုင်အတွင်း  နေထိုင်သူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က RFA ကို ပြောပါတယ်။

“စစ်တော့ စစ်နေတုန်းပဲဗျ။ မနေ့ကတော့ ၂၉ ယောက် အတည်ပြုလို့ရပြီ။ မောင်တောခရိုင်အတွင်းကပဲလေ။ UEHRD အစီအစဉ်အတိုင်ပဲ သူတို့ ကိုယ်ရေးအချက်အလက်တွေယူမယ်။ ပြီးရင် NVC ကိုင်ချင်တဲ့သူ NVC ကတ်ထုတ်ပေးမယ်။ လှဖိုးခေါင်စခန်းကိုပို့မယ်၊ သက်ဆိုင်ရာက သူတို့ကို ထောက်ပံ့ကြေးပေးမယ်။ သူတို့ သွားချင်တဲ့ နေချင်တဲ့နေရာရှိတယ် သူတို့အသိမိတ်ဆွေရှိတယ်ဆိုရင် အဲဒီအသိမိတ်ဆွေကို အပ်ပေးလိုက်မှာ မရှိသေးဘူးဆိုရင်လည်း လှဖိုးခေါင်မှာ ယာယီနေရမှာပေါ့ဗျာ”

ကျန်တဲ့ မွတ်စလင် ၁၂၆ ဦးကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဘာသာစကား အခက်အခဲကြောင့် စကားပြန်နဲ့ စစ်ဆေးနေရတယ်လို့ ပြောပါတယ်။

ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စိစစ်နေသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ ပါဝင်တာကြောင့် သေသေချာချာစိစစ်နေရပြီး အခုအချိန်ထိ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို မသိရသေးဘူး လို့ ဦးစိုးအောင် က ပြောပါတယ်။

လောလောဆယ်မှာ စိစစ်တဲ့အပိုင်းတွေကိုပဲ လုပ်ဆောင်နေပြီး မှန်ကန်တယ် ခွင့်ပြုချက်ရတယ်ဆိုရင် နိုင်ငံသား စိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ငါးခူ ရပြန်လည်လက်ခံရေးစခန်းရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး က ပြောပါတယ်။

“လောလောဆယ်တော့ ကျွန်တော်တို့က စစ်နေဆဲပဲပေါ့။ ကျွန်တော်တို့ဘက်က နေထိုင်တာ မှန်ကန်တယ်၊ မမှန်ကန်ဘူး ဒါမျိုးတွေ ပြန်စစ်နေရတာပေါ့။ ၂၉ ဦးပြီးတယ်ပေါ့။ ကျွန်တော်တို့ အပိုင်းကတော့ စိစစ်တဲ့ အပိုင်းပဲပေါ့။ မှန်ကန်တယ်ဆိုလို့ရှိရင် ခွင့်ပြုချက်ရတယ်ဆိုရင် NVC ကတ်ထုတ်ပေးမယ်။ ထုတ်ပေးပြီးတာနဲ့ ကျန်တဲ့အပိုင်းကတော့ ပြန်လည်နေရာချထားရေး၊ ထွေအုပ်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆက်သွားမှာပေါ့။”

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ဒုက္ခသည်တွေဟာ အပြစ်မရှိတဲ့အတွက် သူ့နေရာသူပြန်ပို့တာဟာ ကောင်းတဲ့အဖြေဖြစ်ပြီး တဖက်နိုင်ငံတွေဆီ ရောက်အောင်လုပ်ပေးနေတဲ့ နောက်ကွယ်ကလူတွေ၊ အဖွဲ့အစည်းတွေကို ဖော်ထုတ်အရေးယူဖို့လိုတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ ဦးသာအေး က ပြောပါတယ်။

“ဒါကတော့ ကောင်းတဲ့လုပ်ရပ်တစ်ခုပေါ့နော်။ အဲဒီလူတွေက အပြစ်မရှိတဲ့အတွက် သူတို့နေရာကို သူတို့ ပြန်ပို့ တာကတော့ ပိုပြီးကောင်းတဲ့အဖြေပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ တချိန်တည်းမှာပဲ ဒီလူတွေကို သူနေရာနဲ့သူ နေရာချထားပြီးတဲ့နောက်ပိုင်းမှာ ဒီကိစ္စမှာ ပါဝင်ပတ်သက်နိုင်တဲ့ လူတွေရှိမယ်၊ အဖွဲ့အစည်းတွေ ရှိမယ်ပေါ့နော်။ ဒါကိုလည်း ဖော်ထုတ်ပြီးတော့ အရေးယူဖို့လိုပါတယ်။ အဲဒီလို အရေးယူမှပဲ နောက်ပိုင်းဒီကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူးပေါ့။”

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေ၊ စစ်တွေနဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာရှိတဲ့  ရိုဟင်ဂျာ မွတ်စလင်တွေဟာ ကုန်းလမ်း၊ ရေလမ်းတွေကနေ ပြည်တွင်းထဲ၊ ဒါမှမဟုတ် မလေးရှားနဲ့  ထိုင်းနိုင်ငံတွေကို အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက်ခွာတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါအဝင် လူပေါင်း ၁၇၀ ကျော် လိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀  ကျော်လောက်အကွာမှာ တပ်မတော်ရေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တပ်မတော်ရေက ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ ဦး၊ ကလေးငယ်အမျိုးသား ၁၃ ဦး၊ ကလေးငယ်အမျိုးသမီး ၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။