ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်တော့
2014.09.07

အခုနှစ်ကုန်လောက်မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဘူး လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ နိုင်ငံရေးပါတီ ၃၅ ပါတီနဲ့ တွေ့ဆုံပွဲအပြီး ဥက္ကဌ ဦးတင်အေးက အခုလိုပြောခဲ့တာပါ။
ကြားဖြတ်ရွေးကောက်ပွဲ မကျင်းဖြစ်တော့ပေမယ့် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဦးတင်အေးက ပြောခဲ့ ပါတယ်။
ပြီးခဲ့တဲ့မတ်လက ပြည်သူ့လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက လစ်လပ်မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနှစ်ကုန်မှာ ကျင်းပပေး မှာဖြစ်ကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။
လစ်လပ်မဲဆန္ဒနယ်တွေက ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၆နေရာ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာ ၁၆ နေရာ စုစုပေါင်း ၃၅ နေရာ ရှိပါတယ်။
ဒီလို ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်ပေးတော့ဘူးဆိုတဲ့အပေါ် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း စုစည်းတင်ပြထားပါတယ်။
အရပ်ဘက်လူမှုအဖဲ့ွအစည်းတွေရဲ့ သဘောထားကို RFA သတင်းထောက် မစန်းမော်အောင်က စုစည်း တင်ပြထားပါတယ်။