အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံတကာလှုပ်ရှားမှုများ
2021.02.02
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်က ကမ္ဘာ့ကုလသမဂ္ဂအဆောက်အအုံရှေ့နဲ့ ဆန်ဖရန်စ္စကိုက UN ပလာဇာရှေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာတော့ သံပုံးခေါက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ပြည်တွင်းမှာရော ပြည်ပပါ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြ နေကြပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂအဆောက်အအုံရှေ့မှာ အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကော ၂ ရက်နေ့ ဒီကနေ့မှာပါ နယူးယောက်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေဟာ အာဏာသိမ်း စစ်တပ်ကို ဆန္ဒပြခဲ့ကြပါတယ်။
နယူးယောက်ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဒီကနေ့အထိ နှင်းမုန်တိုင်း ကျနေတဲ့အတွက် ရာသီဥတု အင်မတန်ကြမ်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖမ်းဆီးခံဝန်ကြီးတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြန်လွှတ်ရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
အလားတူပဲ… အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်း San Francisco Bay area မှာရှိကြတဲ့ ပြည်ပရောက် မြန်မာအင်အားစုတွေကလည်း ဆန်ဖရန်စ္စကိုမြို့က UN Plaza မှာ စုရုံးပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းငံမှာလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်မြို့က ကုလသမဂ္ဂအဆောက်အအုံရှေ့မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့သလို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြားမှာ ရုန်းရင်းဆန်ခတ်မဖြစ်ဘဲ အေးအေးဆေးဆေးပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
ပထမဆုံးအာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားတွေအပြင် ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ပြီး ဒီဆန္ဒပြပွဲကို ကြီးကြပ်တဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဒုတိယနေ့မှာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ တောင်ကြီးနဲ့ မြို့အတော်များများမှာ စစ်တပ်ရဲ့ အာဏာသိမ်းပွဲကို ဆန့်ကျင်တဲ့ သံပုံးခေါက် ဆန္ဒပြပွဲတွေကို လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေ စစ်တပ်ရဲ့အာဏာသိမ်းပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။