မြန်မာ့အရေး ပြည်တွင်း ပြည်ပ လှုပ်ရှားမှု အရှိန်တက်လာနေ
2021.02.04
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေက ကျန်းသစ္စာကျိန်ဆိုခဲ့ကြပြီး ဒီမိုကရေစီပြန်လည်ရရှိရေး လူထုလှုပ်ရှားမှုတွေလည်း အရှိန်မြင့်မားလာနေပါတယ်။ ဒီအတောအတွင်း တောင်ကိုရီးယား လွှတ်တော်အမတ်တွေက မြန်မာစစ်အစိုးရကို ရှုတ်ချကြောင်း ကြေညာလိုက်ပါတယ်။
နေပြည်တော်ရှိ လွှတ်တော်အမတ် ၇ဝ က ကတိသစ္စာတွေ မနေ့က ကျိန်ဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမျိုးမြင့်ညိမ်းက ဒါဟာ လွှတ်တော်မှာ ပထမနေ့ လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်တာဖြစ်ပါတယ်။ လူထုက အားရဝမ်းသာ ကြိုဆိုနေကြတယ်လို့ ပြောပါတယ်။
“ဒါက ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားဝင် လုပ်ပိုင်ခွင့်ဖြစ်တယ်လေ။ သူတို့လုပ်စရာရှိတာကို လုပ်သွားတာဖြစ်တယ်။ ဒါ အင်မတန်မှ လေးစားစရာ ကောင်းတယ်။ လူထုရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ လက်ထဲမှာ အာဏာရှိတယ်ဆိုတာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်တယ်”
တပြိုင်နက်မှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ တရှိန်ထိုးမြင့်မားလာနေသလို စစ်အစိုးရကလည်း အကြမ်းဖက်ဖို့ ပြင်ဆင်လာနေတာတွေ မြင်ရတယ်လို့ ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။
“Civil Disobedient movement က တော်တော်ကြီး အရှိန်အဟုန်ကောင်းတယ်လို့ ပြောလို့ရနိုင်တယ်။ ညနေ ၅ နာရီမှာ လက်ခုပ်တီးကြပါဆိုရင် တမြို့လုံး လက်ခုပ်သံ ညံမစဲအောင် ကြားရတယ်။ ည ၈ နာရီမှာ သံပုံးတီးဖို့ တိုင်ပင်ခေါ်ထားတာလည်း အနည်းဆုံး နာရီဝက်လောက်တီးကြတယ်။ အင်မတန်မှ မြိုင်မြိုင်ဆိုင်ဆိုင်ပဲ။ မနေ့ကရယ် တနေ့က ရယ် ဒီနေ့ရယ်ဆိုရင် ဒီနေ့အရှိန်က တော်တော်လေးမြင့်လာပြီ ပြောလို့ရတယ်။ လူထုရဲ့ ပါဝင်မှုကလည်း တခဲနက် ဖြစ်နေတယ်။ ဒါက ပြည်သူလူထုက တတ်နိုင်တဲ့နည်းနဲ့ အာဏာသိမ်းအစိုးရကို လက်မခံဘူးဆိုတာ တုံ့ပြန်လိုက်တာပဲ ဖြစ်တယ်။ အာဏာသိမ်းတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ခြောက်ခြားမှုကို ဖြစ်စေတဲ့ လုပ်ရပ်လည်းဖြစ်တယ်။ အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းကလည်း တဆင့်ပြီး တဆင့် လုပ်နေတာတွေ့တယ်။ ဒီနေ့ညနေမှာဆိုရင် ရဲတပ်ဖွဲ့က ဘယ်လိုအချိန်မှာ ဘယ်လိုဖြိုခွဲရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထွက်လာတာ တွေ့ရတယ်။ တပြိုင်နက်မှာ ပြည်သူလူထုရဲ့ အရှိန်အဟုန်က မြင့်တက်လာပြီ ဆိုတော့ တချိန်ချိန်မှာတော့ ထိပ်တိုက် တွေ့ကြလိမ့်မယ်လို့ ကျနော်ယူဆတယ်။”
ဒီအတောအတွင်း တောင်ကိုရီးယားမှာရှိတဲ့ NLD နိုင်ငံတကာစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက သူတို့ကော်မတီဝင် ၅ ဦး မနေ့က တောင်ကိုရီးယား လွှတ်တော်ကို သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တင်ပြအကူအညီတောင်းခံခဲ့ရာမှာ ထောက်ခံမှုတွေ ရရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ကိုရီးယားနိုင်ငံမှာရှိတဲ့ လွှတ်တော်အမတ်များရဲ့ ဒု ဥက္ကဋ္ဌနဲ့တွေ့တယ်။ သူက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သူတို့အနေနဲ့ များစွာသိရှိပါကြောင်း နားလည်စာနာပါကြောင်းနဲ့ အခုလို စစ်တပ်က မတရားဥပဒေမဲ့ အာဏာသိမ်းပိုက်မှုကို သူတို့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း၊ သူတို့အနေနဲ့လည်း ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါတယ်ပေါ့ အဲဒါတွေပြောပြီးတော့ သူတို့အနေနဲ့အမြန်ဆုံး စတိတ်မန့်တစောင် ထုတ်ပါမယ်ပြောပါတယ်။ အဲလိုပြောပြီး မကြာခင်ပဲ ကိုးရီးယားနိုင်ငံမှာရှိတဲ့ ဒီမိုကရက်တစ်ပါတီ နဲ့ အတိုက်အခံပါတီက လွှတ်တော်အမတ် စုစုပေါင်း ၅၅ ဦးက စတိတ်မန့်တစောင် ထုတ်ပါတယ်။ အခုလို စစ်အာဏာသိမ်းမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ အခုလိုပြုလုပ်ခြင်းဟာ အာရှတိုက်ရဲ့ ဒီမိုကရေစီကို ထိခိုက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အမြန်ဆုံး ပကတိအခြေအနေကို ပြန်လည်ရောက်ရှိအောင် ပြုလုပ်စေချင်တယ်၊ နောက်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ နိုင်ငံတော်သမ္မတကြီးကို အမြန်ဆုံးလွှတ်ပေးဖို့ အစရှိတာတွေကိုသူတို့အနေနဲ့ တောင်းဆိုတဲ့အကြောင်း လက်မှတ်ထိုး တောင်းဆိုလိုက်တယ်။ ဒါ ပထမဆုံး ၅၅ ဦး ပေါ့ နောက်ထပ်တိုးလာမယ်ဆိုရင်တော့ လွှတ်တော်အမတ်တွေ ၂ဝဝ ကျော် ၃ဝဝ လောက် ဖြစ်သွားမယ်ထင်တယ်”
တောင်ကိုရီးယားရောက် မြန်မာတွေက စစ်အစိုးရဖယ်ရှားရေးကူညီဖို့အတွက် တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကို သွားရောက်ပြီးမေတ္တာရပ်ခံပွဲ ကျင်းပရန် စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။