မောင်တောဒေသကို အကူအညီတွေ ပြန်လည်ပေး ခွင့်ပြုမယ်


2016.11.03
un-maungtaw-620.jpg ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နိုဝင်ဘာလ ၃ ရက်နေ့က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ သံအမတ်အဖွဲ့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဒုက္ခသည်တွေထံ နိုင်ငံတကာထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေ သွားရောက်ပြီး ရိက္ခာဖြန့်ဝေတာကို မြန်မာအစိုးရက ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်းမှာ မြန်မာအာဏာပိုင်တွေက WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အပါအဝင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အဲဒီဒေသသွားလာခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

မောင်တောမြို့နယ်ကို အစိုးရအစီအစဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးအဖွဲ့ဝင်တွေက စစ်တွေလေဆိပ်မှာ မနေ့က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာမှာ ကုလသမဂ္ဂ ဌာနေညှိနိုင်းရေးမှူး Renata Lok-Dessallien ရီနာတာ လော့ ဒက်စယ်လီယန် က  “ဒုက္ခသည်တွေထံ လူသားချင်းစာနာမှုအကူ အညီတွေ ထောက်ပံ့ပေးပို့ခွင့်ပြုမှာဖြစ်ကြောင်း မြန်မာအစိုးရအာဏာပိုင်တွေက ကျမတို့ကို အာမခံပြော ကြားခဲ့ပြီးပါပြီ။ ဒါ့အပြင် အဲဒီလို ထောက်ပံ့ကူညီတာကို နိုင်ငံတကာ စောင့်ကြည့်ရေး သမားတွေ သွားရောက်လေ့လာခွင့်ပြုဖို့ ကျမတို့ တောင်းဆိုခဲ့တာကိုလည်း  အစိုးရက သဘောတူ လိုက်လျှော ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအရာရှိက မောင်တောဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေ အတွက် ကြေကွဲဝမ်းနည်းကြောင်း၊ အဲဒီလို အကြမ်းဖက်မှုကို မိမိတို့အားလုံးက ရှုတ်ချကြောင်း၊ ပျောက်ဆုံးသွားခဲ့ တဲ့ လက်နက်တွေ ပြန်လည်ရရှိရေးအတွက် အစိုးရကလိုအပ်သလိုစစ်ဆင်ရေး လုပ်တာကိုလည်း နားလည်ပါကြောင်း၊ အဲဒီကိစ္စတွေကိုဖြေရှင်းရာမှာ တရားဥပဒေနဲ့ အညီ လုပ်ဆောင်အရေးယူမယ်လို့ အာဏာပိုင်တွေက ပြော ဆိုခဲ့တာကိုလည်း ချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

တပြိုင်နက်မှာပဲ အဲဒီစစ်ဆင်ရေးတွေမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးတွေချိုးဖေါက်ခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလအရာရှိ ရီနာတာက “အဲဒီ စွပ်စွဲချက်တွေကို အရေးယူဖို့အတွက် လွတ်လပ်မှုနဲ့ ယုံကြည်စိတ်ချမှုရှိမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု အမြန်ဆုံးဖွဲ့စည်းပြီး အဲဒီဒေသကို စေလွှတ်ဖို့ မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းခဲ့ပါတယ်လို့ပြောပါတယ်။

တဆက်တည်းမှာပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ မောင်တောဒေသခံပြည်သူတွေ နေရပ်ပြန်လာပြီး ပုံမှန်အတိုင်း အခြေချနေထိုင်နိုင်ရေးအတွက် အဲဒီဒေသမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အလွန်အရေးကြီးကြောင်း မြန်မာအစိုးရကို မိမိတို့ တိုက်တွန်းခဲ့တယ်” လို့လည်း ကုလအရာရှိကပြောပါတယ်။

အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသမီးတွေကို အဓမ္မကျင့်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ မစ် ရီနာတာက “ကျမတို့ အခုခရီးစဉ်မှာ အဲဒီစွပ်စွဲချက်တွေ မှန်လား မှားလားဆိုတာကို သက်သေအထောက်အထား ရှာဖွေဖေါ်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ အခု သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရတဲ့အနေအထားက အဲဒီလို မေးမြန်းဖို့ အခွင့်သာတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အဲဒီနေရာမှာ အဖြေရရှိအောင် မရမက မေးမြန်းမယ်ဆိုရင် ဒေသခံတွေ ရဲ့လုံခြုံရေးအတွက် ကျမတို့ အင်မတန်တာဝန်မဲ့ရာကျပါလိမ့်မယ်။ တွေ့ဆုံပွဲမှာ သူအဓမ္မပြုကျင့်ခံခဲ့ ရတယ်လို့ ကျမကို ထွက်ပြီးပြောဆိုတဲ့ အမျိုးသမီးတော့ မရှိခဲ့ပါဘူး” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ၂ ရက်ကြာသွားခဲ့တဲ့ အဲဒီ နိုင်ငံတကာသံတမန်အဖွဲ့ကို အာဏာပိုင်တွေက ပြဿနာဖြစ်ပွား ရာဒေသက ကျေးရွာအများအပြားကို လိုက်လံပြသခဲ့ပေမယ့် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အကြီး အကျယ်ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ နေရာတွေကိုတော့ ခေါ်ဆောင်သွားခဲ့ခြင်းမရှိဘူးလို့ Reuters ရိုက်တာသတင်း တစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။